By Western News / 2023 November 9
စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အသစ်ချမှတ်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကြောင့် ရခိုင်မှ တိုင်းရင်းသားပါတီတစ်ခု ဖြစ်သည့် မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှာ ဖျက်သိမ်း လိုက်ရပြီဖြစ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကို ပြဌာန်းခဲ့ပြီး ထိုအထဲမှ အချက်လက်အများစုမှာ အင်အားနည်းသည့် တိုင်းရင်းသားပါတီများ ရပ်တည်ရန် ခက်ခဲစေခြင်းဖြစ်သည်။
ထိုအခက်ခဲကြောင့်ပင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ရခိုင်မှမြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပါတီဖျက်သိမ်းလိုက်ရပြီဖြစ်သည်ဟု ပါတီ ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဦးအေးထွန်းက Western News ကို ပြောသည်။
“ဒါက ကိုယ့်တို့ရဲ့ အားနည်းချက်ကြောင့်ပါပဲ။ ပါတီတစ်ခုအနေနဲ့ ရပ်တည်မယ်ဆိုရင် အနည်းဆုံး မြို့နယ် အားလုံးရဲ့ တစ်ဝက်လောက်မှာ ရုံးဖွင့်ရမယ်လို့ပါတယ်။ ကျနော်တို့တွေက နယ်ဖက်တွေမှာပဲ အနေများကြတယ်။ မြို့ပေါ်မှ သိပ်မရှိတော့ ရုံးခန်းဖွင့်ဖို့က အဆင်မပြေခဲ့ပါဘူး။ ဒါကြောင့်ပါ ” ဟုပြောသည်။
မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှာ ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်ခွင့် ကနဦးလျှောက်ခဲ့ရာ မှတ်ပုံတင်ခွင့်ကျပြီးရက်ပေါင်း ၁၈၀ အတွင်းတွင် သတ်မှတ်ရုံးခန်းများဖွင့်လှစ်နိုင်ခြင်းမရှိ၍ ယခုကဲ့သို့ဖျက်သိမ်း လိုက်ရခြင်းဖြစ်သည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်းခြင်းနည်းဥပဒေ ပြဌာန်းချက်တွင် ပါတီများ မှတ်ပုံတင်ခွင့်ပြုသည့် နေ့မှစ၍ ရက်ပေါင်း ၈၀ အတွင်း ယှဉ်ပြိုင်မည့် ပြည်ထောင်စုတစ်ဝန်းလုံး (သို့) တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်ရှိ မြို့နယ်အားလုံး၏ တစ်ဝက်ခန့်တွင် ရုံးခန်းများဖွင့်လှစ်နိုင်ရမည်ဖြစ်ကြောင်း ပါရှိသည်။
အဆိုပါသတ်မှတ်ချက်အား မလုပ်ဆောင်နိုင်မှုကြောင့် လက်ရှိဖျက်သိမ်းလိုက်ရသည့် မြိုတိုင်းရင်းသားဖွံ့ဖြိုး တိုးတက်ရေးပါတီအတွက် စိတ်မကောင်းဖြစ်ရသည်ဟု ရခိုင်တိုင်းရင်းသားပါတီမှ ဦးထွန်းအောင်ကျော်က ပြောသည်။
“ပါတီတွေကိုမှတ်ပုံတင်ခွင့်ပြုပြီးရင် နောက်ဆက်တွဲလာတာက တိုင်းဒေသ၊ ပြည်နယ်စည်းရုံးမယ်ဆိုရင် လူအင်အား ၁၀၀၀ ဖြစ်ရမယ်။ ရံပုံငွေ သိန်း ၁၀၀ ပြရမယ်ဆိုတာတွေပါတယ်။ အခုမြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဖျက်သိမ်းလိုက်ရတဲ့အထိဆိုတော့ ရပ်တည်နိုင်ဖို့ အင်အားလိုက်မမီတော့လို့တော့ ထင်ရတယ်ပေါ့နော်။ ဘာပဲဖြစ်ဖြစ် ရခိုင်က လူနည်းစုတိုင်းရင်းသားပါတီတစ်ခုအနေနဲ့ ရပ်တည်ခွင့်မရဘဲ ဖျက်သိမ်းခံလိုက်ရတာကိုတော့ စိတ်မကောင်းဖြစ်ရတယ် ” ဟုပြောသည်။
ရခိုင်တွင် ပါတီ ၆ ခုခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပြီး ထိုအထဲတွင် ပါတီ ၅ ခုမှာ မှတ်ပုံတင်ခွင့် ကျခဲ့ပြီး ထိုအထဲမှ ရခိုင်အမျိုးသားပါတီ ANP မှာ လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့် မကျသေးပေ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ ရခိုင်အမျိုးသားပါတီမှ တာဝန်ရှိသူများကို ပြန်လည် အကြောင်းပြန်ရာတွင် စီစစ်နေသည်ဟုသာ ပြန်ကြားမှုရှိပြီး မည်သည့်အတွက်ကြောင့် မှတ်ပုံတင်ခွင့် မကျသည်ကိုမှု မသိရှိရဟု ပြောဆိုထားသည်။
ရခိုင်တွင် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အသစ်ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကြောင့် ဖျက်သိမ်းလိုက်ရသည့်ထဲတွင် မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက် ရေးပါတီအပြင် မှတ်ပုံတင်နိုင်ခြင်းမရှိခဲ့သည့် ကမန်အမျိုးသားပါတီလည်း အပါအဝင်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကို မချမှတ်မီ နိုင်ငံတစ်ဝင်းတွင် ပါတီအရေအတွက် ၉၀ ကျော်ရှိခဲ့ပြီး ထိုအထဲမှ ၄၀ ကျော်ကို ပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေအရ ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ UEC မှ ပြီးခဲ့သည့် မတ်လအတွင်းက ကြေညာခဲ့သည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/778614057611356