By Western News / 2023 November 25
ရခိုင်ပြည် မင်းပြားမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားရာ နေရာများမှ လက်နက်ကြီးများဖြင့် နေ့စဉ် အဆက်မပြတ် ပစ်ခတ်နေမှုကြောင့် မင်းပြားတစ်မြို့လုံးနီးပါး ဘေးလွတ်ရာသို့ တိမ်းရှောင်လျှက် ရှိနေကြသည်ဟု မင်းပြားမြို့ခံများက ပြောသည်။
မင်းပြားမြို့တွင် ခမရ ၃၈၀၊ ၅၄၁၊ ၃၇၉ စသည့်တပ်ရင်းများအပြင် ကျိန်းတောင်တောင်ထိပ်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ရင်းနှင့် တစ်ခြားတပ်စွဲလျှက်ရှိသည့်နေရာများဖြင့် နေ့နှင့် ညအချိန်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုတို့ပြုလုပ်လျှက်ရှိသည်။
ထိုကဲ့သို့ ရမ်းသမ်းပစ်ခတ်နေမှုကြောင့် မင်းပြားတွင် လက်နက်ကြီး၊ လက်နက်ငယ်ထိမှန် ထိခိုက်သူ၊ သေဆုံးသူများရှိလာသည့်အတွက် မြို့ခံအများစုမှာ မင်းပြားမြို့အား စွန့်ခွာမှုများပြားလာခြင်း ဖြစ်ကြောင်း မင်းပြားမြို့ခံတစ်ဦးကပြောသည်။
“လက်နက်ကြီး၊ လက်နက်ငယ်တွေက နေ့ရောညပါပစ်နေတော့ မြို့ထဲနေနေရတာ အဆင်မပြေတော့ဘူး။ ထိခိုက်တာ သေတာတွေလည်းရှိတာတော့ လူတွေကကြောက်လာကြတယ်။ ဒါကြောင့် မြို့ကနေ ရှောင်နေကြတာများတယ်” ဟုပြောသည်။
တိမ်းရှောင်ကြသည့် မြို့ခံအများစုမှာ လက်နက်ကြီး၊ လက်နက်ငယ် အန္တရာယ်နှင့်ဝေးသည့် မင်းပြာမြို့နယ်မှ ကျေးရွာများ၊ မြေပုံမြို့နယ်မှ ကျေးရွာများသို့ ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့က စတင် တိမ်းရှောင်ကြသွားကြခြင်း ဖြစ်ကြောင်းသိရသည်။
ထိုသို့ မင်းပြားမြို့ခံအများစု ထွက်ပြေးတိမ်းရှောင်နေကြမှုနှင့်ပတ်သက်၍ မင်းပြားရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကလည်း ယခုကဲ့သို့ဆိုသည်။
“လူတွေကသိပ်မရှိတော့ဘူး။ တစ်ချို့ကျတော့လည်း နေ့လည်ပိုင်းလာနေပြီး ညနေဆိုပြန်ပြေးကြတာတွေ လည်းရှိကြတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေက တိုက်ပွဲဖြစ်နေသလိုမျိုးပစ်နေတာကိုး။ ကျိန်းတောင်က အဆိုးဆုံးပဲ။ မြို့ထဲလူမရှိတော့ လူနေအိမ်နဲ့ ဆိုင်ခန်းတစ်ချို့ ပစ္စည်းခိုးယူခံရတာတွေလည်းဖြစ်နေတယ်လို့တော့ ကြားတယ်” ဟုပြောသည်။
မင်းပြားမြို့ထဲရှိ စျေးဆိုင်ခန်းများ ဖောက်ထွင်းခိုးယူခံရမှုများရှိနေသည်ဆိုသည့်အချက်နှင့် ပတ်သက်၍မှု Western News က တိကျသည့်အတည်ပြုချက်များ ရယူနိုင်မှုမရှိသေးပေ။
နိုဝင်ဘာ ၂၄ ရက် မင်းပြားမြို့ နေ့ပိုင်းအခြေနေမှာ ငြိမ်သက်နေပြီး စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှု တို့ရပ်တန့်နေသော်လည်း လမ်းသွားလမ်းလာနည်းပါးကာ မြို့မစျေးကြီးမှာလည်း ပုံမှန်ဖွင့်လှစ်ခြင်းမရှိဟု မြို့ခံများကပြောသည်။
မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်မှုမှာ နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့ပြီး ယင်းနောက် ပစ်ခတ်မှုများပိုများလာကာ နိုဝင်ဘာ ၁၇ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်သားများ မြို့တွင်းထဲသို့ပင် ဝင်ရောက်ပစ်ခတ်မှုတို့ရှိခဲ့ကြောင်း မြို့ခံများကပြောသည်။
မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီး၊ လက်နက်ငယ်များရမ်းသမ်းပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်ညည့်အချိန်က ကေသလာမှကျေးရွာသားတစ်ဦးသေဆုံးကာ လက်ဝါးခတ်မှ တစ်ဦးထိခိုက်ဒဏ်ရာရခြင်း၊ နိုဝင်ဘာ ၁၇ ရက်နေ့က မင်းပြားမြို့ခံတစ်ဦး သေဆုံးကာ တစ်ဦးထိခိုက် ဒဏ်ရာရခြင်းတို့ရှိခဲ့သည်။
ယင်းနောက်ပိုင်းရက်များဖြစ်သည့် နိုဝင်ဘာ ၁၅ ရက်နေ့တွင်လည်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ် မှုကြောင့် မင်းပြားဘူးပင်ရွာမှ ဒေသခံ ၂ ဦးနှင့် ဆင်ကြီးပြင်ကျေးရွာမှ သေဆုံးသူ ၃ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၈ ဦး အထိရှိခဲ့သည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်မှစ၍ စစ်ကောင်စီဖက်မှ မင်းပြားမြို့နယ်အပြင် တစ်ခြားမြို့နယ်များတွင်လည်း လက်နက်ကြီးလက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှုတို့ကို ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် စစ်ကောင်စီတပ်စွဲနေသည့် နေရာများနှင့် အနီးစပ်ဆုံးကျေးရွာများမှာ ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရပြီဖြစ်သည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/787672570038838