က်နက်ကြီး ပစ်ခတ်ခံရ၍ မင်းပြားပြည်သူ့ ဆေးရုံ ခွဲစိတ်ခန်း အသုံးပြု၍ မရတော့
By Western News / 2023 November 19

တိုက်ပွဲတစ်စုံ တစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ရခိုင်ပြည် မင်းပြားမြို့အတွင်းလှည့်လည်၍ စစ်ကောင်စီတပ်က လက်နက်ငယ်၊ စက်သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့ပေါ်နေထိုင်သူများမှာ မနေရဲတော့ဘဲ လူပေါင်း ၂ သောင်းထွက်ပြေးလျှက်ရှိကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့ ညပိုင်းက မင်းပြားမြို့အတွင်းလှည့်လည်၍ စစ်ကောင်စီတပ်က လက်နက်ငယ်၊ စက်သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ မြို့ပေါ်ရပ်ကွက်တွင် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေး လုပ်ကိုင်သူများက ပြောသည်။
မင်းပြားမြို့အတွင်းမှာ လူပေါင်း ၅ သောင်းခန့် နေထိုင်လျှက်ရှိရာ ယင်းအထဲမှ တစ်ဝက်ခန့်မှာ မြို့ပေါ်ကနေ နီးစပ်ရာကျေးရွာများ ဘာသာရေးအဆောက်အဦးများသို့ ထွက်ပြေးတိမ်းရှောင်လျှက်ရှိနေကြောင်း မင်းပြားမြို့ခံတစ်ဦးက Western News ကို ပြောပါတယ်။
“မင်းပြားမြို့မှာ လူဦးရေ ၄ သောင်း ၈ ထောင်ကနေ ၅သောင်းအထိ နေထိုင်ကြပါတယ်။ အဲ့ဒီထဲမှာလူဦးရေ တစ်ဝက်နီးပါးလောက်ကတော့ ထွက်ပြေးနေကြတယ်။ နီးစပ်ရာရွာတွေ၊ ပြီးတော့ ကျေးရွာအတွင်း ဘာသာရေးအဆောက်အဦးတွေ ကို ပြေးကြတာပါ။ မြို့ပေါ်ကလည်း တိတ်ဆိတ်နေတယ် “ဟုပြောသည်။
မင်းပြားမြို့ခံ တစ်ဝက်ခန့်မှာ လေးမြို့ချောင်းဒေသ၊ ဖုံသာချောင်း၊ မြေပုံမြို့နယ်များသို့ စက်လှေများဖြင့်လည်းကောင်း နီးစပ်ရာများသို့ ကားများဖြင့်အသီးသီးထွက်ပြေးကြကြောင်း ဒေသခံများက ပြောဆိုသည်။
အမည်မဖော်လိုသည့် မြို့မိ မြို့ဖတစ်ဦးက “တစ်ချို့ကျတော့ မနက်ကျရင် မြို့ပေါ် ပြန်လာတယ်။ ညကျ လုံခြုံတဲ့ ရွာဖက်တစ်နေရာစီကို သွားကြတယ်။ အခုက တစ်မြို့လုံးတိတ်ဆိတ်နေတယ်။ အသွားအလားမရှိသလောက်ပါပဲ။ ညကျရင် လက်နက်ကြီး၊ လက်နက်ငယ်တွေ မြို့ပတ်ပြီးတော ပစ်ခတ်မှုလုပ်တယ်။ မနေ့ညက တော့ ပစ်ခတ်မှုတော့ မကြားဘူး။ ကျနော်တို့ သိသလောက် လူပေါင်း နှစ်သောင်းကျော်လောက်က မြို့ပေါ်မှာ မရှိတော့ဘူး။ မင်းပြားမြို့မှာ လူပေါင်း ၅သောင်းနီးပါးရှိတာလေ”ဟုပြောသည်။
နောက်ထပ် မင်းပြားမြို့ခံ တစ်ဦးက “ကောလဟာလ သတင်းတွေကလည်း တစ်လျှောက်ထွက်နေတယ်။ မြို့ကိုဝင်ပြီးတော့ စစ်တပ်က နယ်မြေရှင်းလင်ရေးတွေ လုပ်မယ်ဆိုပြီးတော့ သတင်းထုတ်တယ်။ တစ်လျှောက်ခြိမ်းခြောက်မှုတွေ လုပ်တယ်။ ပြည်သူတွေကြောက်လန့်အောင် မြို့ပေါ်ထွက်ပြေးအောင်လုပ်တယ်။ မြို့ခံတွေကလည်း ကြောက်ပြီးတော့ ထွက်ပြေးကြတယ်”ဟုပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့က မင်းပြား ကျိန်းတောင်နှင့် မင်းပြားမြို့ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ ၃၇၉၊ ၅၄၁၊ ၃၈၀ တို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် မင်းပြားမြို့ပေါ်ရပ်ကွက်အချို့နှင့် မင်းပြားဆေးရုံတွင် ကျရောက်ခဲ့သည်။
လက်နက်ကြီးကျရောက်ခဲ့သည့် မင်းပြားပြည့်သူ့ဆေးရုံအခြေနေမှာ ခွဲစိတ်ခန်းတစ်ခုလုံးအသုံးပြု၍ မရတော့သည့်အနေအထားဖြစ်သွားပြီဖြစ်သည်ဟု ပြည်တော်သာရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။
“ခွဲစိတ်ခန်းတစ်ခုလုံးအသုံးပြုလို့မရတော့တဲ့အနေအထားဖြစ်သွားတယ်။ လက်နက်ကြီးကျည်စတွေက ဆေးရုံ ရှေ့က စျေးဆိုင်တွေမှာလည်းကျတယ်။ ဆေးရုံကလူနာတွေကတော့ ထိခိုက်မှုမရှိခဲ့ဘူး” ဟုပြောသည်။
ထို့အပြင် စစ်ကောင်စီက ရခိုင်ပြည် ပေါက်တောမြို့နယ်ကို နယ်မြေရှင်းလင်းရေး လုပ်မည်ဟုဆို၍ သတင်းကြောင့် ကျေးလက်ဒေသက ပြည်သူများမှ ထောင်ချီ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောဆိုကြသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေက စပြီး AA လက်ထဲက ပြန်လည်ထိန်းချုပ်ထားသည့် ပေါက်တောမြို့၏ အခြေအနေအမှန်များကို ပြည်နယ်စစ်ကောင်စီအဖွဲ့အနေဖြင့် သော်လည်းကောင်း၊ ပြည်ထောင်စုအဆင့် စစ်ကောင်စီအဖွဲ့အနေဖြင့်သော်လည်းကောင်း ယနေ့အချိန်အထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
Western News-WN
https://www.facebook.com/westernnewsagency/posts/784342660371829