စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီးအရေးယူဖို့ ကြိုးစားနေ

By VOW / 2023 November   27

စစ်ကောင်စီဖက်က သတင်းသမားတွေကို  ဖမ်းဆီးအရေးယူဖို့ ကြိုးစားနေပြီးရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုလည်းအကြောင်းကြားထား​တာတွေ ရှိနေတယ်လို့ သိရပါတယ်။

“လက်ရှိရခိုင်ပြည်က သတင်းသမားတွေအခြေအနေက တော်တော်ကြီးကို ဆိုးဆိုးဝါးဝါးဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲတွေကလည်းတအားကြီးပြင်းထန်လာတယ်ဆိုတော့ စစ်ကောင်စီတွေဘက်ကလည်း ဖမ်းစီးဖို့စောင့်ကြည့်နေတဲ့အနေအထားမှာရှိနေပါတယ်။ နောက်တစ်ခုက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုလည်း သတင်းသမားတွေကို ဖမ်းဆီးဖို့သတင်းတွေဖို့ထားတယ်လို့ သတင်းရရှိထားပါတယ်” လို့ Western News သတင်းဌာန အယ်ဒီတာချုပ် ဝဏ္ဏခွာညိုက ပြောပါတယ်။

အခုလို့ ဖမ်းဆီးဖို့ကြိုးစားနေတဲ့အတွက် သတင်းသမားတွေအနေနဲလည်းသတိထားပြီးလုပ်ကိုင်နေရတဲ့ အခြေအနေဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

“အခုချိန်မှာတော့ ရခိုင်သတင်းသမားတွေဟာ စိုးရိမ်မှတ် ကျော်သွားပြီလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီဖက်က သတင်းသမားတွေကို ဖမ်းဆီးတာတွေ၊ သတင်းဌာနတွေကိုဝင်စီးတာတို့ ခြိတ်ပိတ်တာတို့ လုပ်လာတာကိုတွေ့ပါတယ်” လို့ သူက ဆိုပါတယ်။

ရခိုင်သတင်းဌာနတွေအပါအဝင် ရခိုင်သတင်းထောက်တွေကို အစိုးရအဆက်ဆက်က အမှုဖွင့်အရေးယူဖို့ဖိနှိပ်ခဲ့သလို အာဏာသိမ်းပြီးနောက်မှာ အဆိုးဝါးဆုံးခံစားကြရတယ်လို့ Border News Agency သတင်းဌာန အယ်ဒီတာချုပ် ကောင်းမြတ်နိုင်က ဆိုပါတယ်။

“ရခိုင်မှာအပြီးသတ်တိုက်ပွဲတွေစတင်လာတော့ ရခိုင်သတင်းထောက်တွေအကြောင်းကို စုံစမ်းဖော်ထုတ်ဖို့သတင်းပေးဖို့ ညွှန်ကြားထားတယ်လို့သိရပါတယ်။ ဒါဟာ ပြည်သူတွေရဲ့သတင်းသိပိုင်ခွင့်ကို တိုက်ရိုက်ခြိမ်းခြောက်ရိုက်ချိုးလိုက်တာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

လက်နက်ကြီးပဋိပက္ခတွေဖြစ်နေချိန်မှာပြည်သူတွေသတင်းမှန်တွေကိုအချိန်မီသိခွင့်ရဖို့အရေးကြီးပါတယ်။ ဒါတွေကို ခြိမ်းခြောက်တားဆီးပိတ်ပင်တာတွေဟာ ပြည်သူတွေသတင်းသိပိုင်ခွင့်ကို ဖျက်ဆီးတာမို့ ဒါဟာနိုင်ငံတကာဥပဒေကိုလည်း ချိုးဖောက်တာဖြစ်ပါတယ်လို့ သူကဆိုပါတယ်။

“တကယ်ဆိုရင် သတင်းသမားတွေကို အကာအကွယ်ပေးသင့်ပါတယ်။ ဒါပေမယ့် ဘယ်သူမှအကာအကွယ်မပေးရင်လည်း ကိုယ့်အတွက်ဘေးကင်းလုံခြုံမယ့်နေရာတွေမှာသာနေသင့်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခဒေသမှာ ဘေးကင်းလုံခြုံရေးဟာ အရေးအကြီးဆုံးပါပဲလို့ Border News Agency သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကောင်းမြတ်နိုင်က ဆိုပါတယ်။

ရခိုင်သတင်းထောက်တွေအနေနဲ့လက်ရှိမှာ ဘေးကင်းလုံခြုံရေးဆိုင်ရာတွေသာမကဘူး။ ရှင်သန်ရပ်တည်ရေးအတွက်လည်း ခက်ခဲနေကြသလို နည်းပညာ၊ ငွေကြေး၊ ပစ္စည်းတွေကအစ အကူအညီတွေလိုအပ်နေကြပါတယ်။ နောက်ပြီးဘေးကင်းလုံခြုံရေးအကြံဉာဏ်တွေလည်း လိုအပ်နေကြပါတယ်လို့ သူကဆိုပါတယ်။

လက်ရှိမှာ ရခိုင်ပြည်အတွင်း တိုက်ပွဲတွေဖြစ်နေတဲ့အတွက် နှစ်ဖက်ရဲ့သတင်းတွေကို မှန်မှန်ကန်ကန်ရေးတင်နေတဲ့အတွက် စောင့်ကြည့်ခံရနိုင်တဲ့အတွက် ကိုယ်ရောက်ရှိနေတဲ့နေရာကို ယုံကြည်ရသူတွေကလွဲလို့ တခြားလူတွေကို အသိပေးတာမျိုးမလုပ်သလို သက်ဆိုင်ရာသတင်းဌာနက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး လုပ်ကိုင်ဖို့ကိုလည်း အသိပေးလိုကြောင်း Western News သတင်းဌာန အယ်ဒီတာချုပ် ဝဏ္ဏခွာညိုက ပြောပါတယ်။

https://www.facebook.com/VOW2ppl/posts/371591921919697

Leave a Reply

Your email address will not be published.