စစ်ကောင်စီက ပင်လယ်ပြင်အတွင်း လက်နက်စမ်းသပ်ပစ်ခတ်မည်ဟုဆိုကာ သံတွဲမြို့နယ်မှရေလုပ်သားများအား ပင်လယ်သို့ ၃ ရက်တာ မထွက်ရန် အမိန့်ထုတ်ထား

By Narinjara / 2023 November     7

စစ်ကောင်စီတပ်က ပင်လယ်ပြင်တွင် လက်နက်စမ်းသပ်ပစ်ခတ်ရန် ရှိသည်ဟုဆိုကာ သံတွဲမြို့နယ်မှ ကမ်းနီးကမ်းဝေးရေလုပ်ငန်းနှင့် ငါးဖမ်းစက်လှေများကို ၃ ရက်တာ ပင်လယ်ပြင်သို့မထွက်ကြရန် အမိန့်ထုတ်ညွှန်ကြားထားကြောင်း သိရသည်။

ပင်လယ်ပြင်တွင် လက်နက်စမ်းသပ်ပစ်ခတ်ရန်ရှိသည့်အတွက် နိုဝင်ဘာလ ၉ ရက်အထိ ပင်လယ်ပြင်သို့ထွက်ခွာခြင်း မပြုလုပ်ကြရန် နိုဝင်ဘာလ ၆ ရက်က ဆော်ဩကြေညာအမိန့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သံတွဲမြို့နယ်ဒေသခံ ရေလုပ်သားများက နိရဥ္စရာသို့ပြောသည်။

ငပလီမြို့၊ ဂျိတ္တော အမှတ်(၅)ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက “လက်နက်တွေဘာတွေစမ်းမယ်။ လူကြီးလမ်းကြောင်းလည်း ရှိတယ်လို့ ပြောပြီးတော့ ပင်လယ်ပြင်ကိုမထွက်ရဘူးဆိုပြီး ရပ်ကွက်ထဲမှာ မိုက်နဲ့ကြေညာသွားပါတယ်” ဟု နိရဥ္စရာသို့ပြောသည်။

လက်နက်စမ်းသပ်မည်ဟု ကြေညာသော်လည်း ပင်လယ်ပြင်နှင့် ရေမိုင် အကွာအဝေးတည်နေရာ၊ စမ်းသပ်ပစ်ခတ်မည့် အချိန်တို့ကို ထည့်သွင်းကြေညာခဲ့ခြင်းမရှိကြောင်း ဒေသခံရေလုပ်သားများကပြောသည်။

ဂျိတ္တောရပ်ကွက်မှ ဂျမ်းပိုက်လှေလုပ်သားလူငယ်တစ်ဦးက “သူတို့  လက်နက်စမ်းသပ်မယ်။ ပင်လယ်ကိုမထွက်ရဘူးဆိုလို့ ၆ ရက်နေ့ကစပြီးတော့ လှေမထွက်ဘဲရပ်နားထားရပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

သံတွဲမြို့နယ်တွင် ပင်လယ်ပြင်ကိုအမှီပြု၍ အသက် မွေးဝမ်းကျောင်း ပြုနေရသည့် ရေလုပ်သား အမြောက်အများရှိကြောင်း သိရသည်။

စစ်ကောင်စီက ယခုကဲ့သို့ ပင်လယ်ပြင်သို့ ၃ ရက်အထိ ထွက်ခွင့် ပိတ်ပင်ထားသည့်အတွက် ဒေသရှိရေလုပ်ငန်းများ ရပ်နားထားရပြီး အဆိုပါရေလုပ်ငန်းများအပေါ် မှီခိုအသက်မွေးနေရသည့် ရေလုပ်သားမိသားစုများမှာလည်း စားဝတ်နေရေးအခက်အခဲ ကြုံတွေ့ နေရကြောင်း နိရဥ္စရာသို့ ပြောသည်။

တစ်ဘက်တွင်လည်း စစ်ကောင်စီနှင့် ရုရှား နှစ်နိုင်ငံ ရေကြောင်း လုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းကို ပထမ အကြိမ်မြောက် အဖြစ် မြိတ်မြို့၏ အနောက်ဘက် ရေမိုင် ၈၅ မိုင်အကွာတွင် နှစ်နိုင်ငံရေတပ်မှ စစ်ရေယာဥ်များပူးပေါင်း၍ နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်သွားမည်ဟု စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ယနေ့ဖော်ပြထားသည်။

https://www.facebook.com/narinjara.info/posts/736475751852890

Leave a Reply

Your email address will not be published.