By DMG / 2023 November 26
စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် နိုဝင်ဘာလ ၂၆ ရက်၊ မွန်းလွဲ ၂ နာရီကျော်တွင် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောကျေးရွာနှင့် ရဲရိုးပြင်ကျေးရွာတို့မှ ဒေသခံနှစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
ဒဏ်ရာရရှိသွားသူများမှာ ခမောင်းတောရွာမှ အသက် ၃၉ နှစ်အရွယ် ဒေါ်မဝင်းချေနှင့် ရဲရိုးပြင်ကျေးရွာမှ အသက် ၆၂ နှစ်အရွယ် ဦးစိန်သာကျော်တို့ ဖြစ်သည်။
စစ်ကောင်စီ၏ ဒရုန်းဖြင့်ပစ်ခတ်မှုကြောင့် ဒေါ်မဝင်းချေမှာ ဘယ်ဘက်မျက်လုံးနှင့် ဝမ်းဗိုက်တို့တွင် ပြင်းထန်ဒဏ်ရာရရှိသွား၍ စစ်တွေမြို့ပြည်သူ့ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားကြောင်း သိရသည်။
“ဘာတိုက်ပွဲမှမဖြစ်ဘဲ စစ်ကောင်စီက ဒရုန်းနဲ့ ရွာထဲကို ဗုံးနှစ်လုံး လာကြဲသွားတယ်။ အမျိုးသမီးတစ်ဦးမှာ ဘယ်ဘက်မျက်လုံးနဲ့ ဝမ်းဗိုက်မှာ ဒဏ်ရာရသွားတယ်။ မျက်လုံးက ဒဏ်ရာတော်တော်လည်းကို ပြင်းတယ်” ဟု ခမောင်းတောရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းအပြင် ညနေ ၅ နာရီခန့်ကလည်း စစ်ကောင်စီက ဒရုန်းဖြင့် လာရောက်ပစ်ခတ်မှုရှိသဖြင့် ခမောင်းတော ကျေးရွာသားများမှာ အသက်အန္တရာယ်ထိခိုက်မည်ကို စိုးရိမ်၍ ဗုံးခိုကျင်းများထဲတွင် ပုန်းခိုနေကြရသည်။
အလားတူ ခမောင်းတောရွာနှင့် တစ်မိုင်နီးပါးကွာဝေးသည့် ရဲရိုးပြင်ကျေးရွာကိုလည်း ယနေ့ မွန်းလွဲ ၂ နာရီကျော်တွင် စစ်ကောင်စီက ဒရုန်းဖြင့် ၄ ကြိမ်အထိ ဗုံးကြဲပစ်ခတ်ခဲ့သဖြင့် ဦးစိန်သာကျော်၏ လက်မောင်းတွင် အသေးစား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
“အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ ဒဏ်ရာက မပြင်းထန်ဘူး။ ဘယ်ဘက်လက်မောင်းမှာ အနည်းငယ် ထိသွားတာ။ တိုက်ပွဲဖြစ်တာမဟုတ်ဘဲ ကျေးရွာကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ တမင်ရည်ရွယ်ပြီး ပစ်တာဖြစ်တယ်” ဟု ရဲရိုးပြင်ကျေးရွာသားတစ်ဦးက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ခမောင်းတောနှင့် ရဲရိုးပြင်ကျေးရွာတို့မှာ စစ်ကောင်စီရေတပ် အခြေစိုက်ထားသည့် စစ်တွေမြို့နယ်၊ ရွှေမင်းဂံ ဆိပ်ကမ်းနှင့် နီးစပ်သည့်ကျေးရွာများဖြစ်သည်။
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်မှစကာ ရခိုင်ဒေသတွင် စစ်ကောင်စီက လက်နက်ကြီး/ငယ်များအပြင် ရဟတ်ယာဉ်၊ ဒရုန်းတို့ဖြင့် ပတ်ခတ်မှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုမှာ တဖြည်းဖြည်း မြင့်တက်လာနေသည်။
DMG မှ ကောက်ယူရရှိထားသည့်စာရင်းအရ နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၆ ရက်ထိ ၁၄ ရက်တာအတွင်း ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် သေဆုံးသူ ၁၈ ဦးနှင့် ဒဏ်ရာရသူ ၆၀ ဦးထိ ရှိလာနေသည်။
(အယ်ဒီတာမှတ်ချက် – ထိခိုက်သေဆုံးစာရင်းထဲတွင် တိုက်ပွဲပြင်းထန်နေသော ပေါက်တောမြို့မှ ဒေသခံများ မပါဝင်ပါ။)
#D007 #DMG
https://www.facebook.com/dmgnewsagency/posts/739132378260361