(ဆန်စက်များပိတ်ထားရ၍ ကျေးရွာများတွင် ဆန်ပြတ်လပ်မှုနှင့် ကြုံနေ)
By Western News / 2023 November 28

ရခိုင်က ကျေးရွာများတွင် စက်သုံးဆီပြတ်လပ်နေ၍ ဆန်စက်များ ပိတ်ထားရပြီး ဆန်ရိက္ခာပြတ်တောက်မှုဖြင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။
လမ်းပန်းဆက်သွယ်ရေးများကို စစ်ကောင်စီက ပိတ်ထားသည့် အကြောင်းရင်းကြောင့်နှင့် စက်သုံးဆီများ ဈေးမြင့်တက်ခြင်းကြောင့် ကျေးရွာများရှိ ဆန်စက်များမှာ မလည်ပတ်နိုင်တော့ကြောင်း ကျေးလက်နေပြည်သူများက ပြောဆိုကြသည်။
မြောက်ဦးမြို့မှ ကျေးလက်နေပြည်သူတစ်ဦးက “လမ်းတွေပိတ်ထားလို့ စက်သုံးဆီဝယ်လို့ မရတာရယ်၊ စက်သုံးဆီဈေးမြင့်တာကြောင့်ရယ် ဆန်စက်တွေ ပိတ်ထားရတာပါ။ စပါးမကြိတ်ရတော့ ရွာတွေမှာ ဆန်တွေ ပြတ်လပ်တော့မယ်။ တော်တော်လေး ဒုက္ခရောက်နေကြတာပေါ့” ဟု ပြောသည်။
ရေနံဆီတစ်လီတာကို တိုက်ပွဲမဖြစ်ခင်က ကျပ်တစ်ထောင်ကျော်သာ ရှိခဲ့သော်လည်း ယခု ကျပ် သုံးထောင်ကျော်မြင့်တက်သွားပြီး ဓါတ်ဆီတစ်လီတာကို ကျပ် နှစ်ထောင့်ငါးရာကျော်ကနေ ယခု ကျပ် ငါးထောင်နှင့်ထက် ရှိနေသည်။
မင်းပြားမြို့နှင့် မြို့နယ်များဆိုလျှင် ဓါတ်ဆီတစ်လီတာကို ကျပ် တစ်သောင်းခွဲအထိ ဈေးမြင့်တက်မှုရှိနေပြီး ဝယ်ယူမည်ဆိုပါကလည်း ဆီပြတ်လပ်နေသည့် အခြေအနေဟု မြို့ခံများက ပြောသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့သည့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲများကြောင့် စစ်ကောင်စီသည် ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းမှု လမ်းကြောင်းများအားလုံးနှင့် မြို့နယ်ချင်း၊ ရွာချင်း လမ်းပန်းဆက်သွယ်ရေးအားလုံးကို ပိတ်ပင်ခဲ့သည်။
ကျေးရွာနေပြည်သူများမှာ လက်ကျန်ဆန်ကိုသာ စားသုံးနေရပြီး ကုန်သွားပါက ဆန်ဝယ်ယူနိုင်ရန် အခက်အခဲရှိသည်ဟု ပုဏ္ဏားကျွန်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“လက်ကျန် ဆန်လေးကိုပဲ စားသုံးနေရတာ။ လက်ကျန်ဆန်ကလည်း ဘယ်လောက်ခံမှာမို့လို့လဲ။ ၁၅ ရက်လောက်ပေါ့။ စပါးရှိရင်တောင် ဆန်စက်က မလည်တော့ စပါးကြိတ်လို့ မရဘူး။ အိမ်တိုင်းလိုလိုက နောက်တစ်ပတ်လောက်ဆိုရင် ဆန်ပြတ်လပ်ကြတော့မယ်။ ဆန်ဝယ်မယ်ဆိုရင်လည်း မြို့ကို သွားလို့မရဘူး။ မြို့က လူတွေလည်း လက်နက်ကြီးတွေနဲ့ အပစ်ခံနေရတော့ ကျေးရွာဘက်ကို ထွက်ပြေးလာကြတယ်။ စားနပ်ရိက္ခာအတွက် ဘယ်လို လုပ်ရမလဲ မသိတော့ဘူး” ဟု ပြောသည်။
ကျေးရွာအချို့တွင် ဆန်စက်ပိတ်လိုက်ခြင်းကြောင့် ဆန်ဈေးများမြင့်တက်သွားပြီး ရိုးရိုးဆန် (ကြီး) တစ်အိတ်ကို ကျပ် တစ်သိန်းအထိ တက်သွားပြီး ဆန် (ငယ်-ဒေသအခေါ် ဆန်ချေ) တစ်အိတ်ကျပ် ရှစ်သောင်းဝန်းကျင်အထိ ဈေးတက်နေကာ ပေါ်ဆန်းမွှေးဆန်ဆိုလျှင် ကျပ် တစ်သိန်းငါးသောင်းအထိ မြင့်တက်နေခြင်းဖြစ်သည်။
မြို့ပေါ်တွင်လည်း ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ကျပ် တစ်သိန်းတစ်သောင်းကနေ ကျပ် တစ်သိန်းနှစ်သောင်းခန့်အထိ ဈေးမြင့်တက်နေသည်။
စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့နယ်များကို ရေလမ်း၊ ကားလမ်း အားလုံးကို ပြန်လည်ဖွင့်ပေးသင့်ပြီး ကုန်စည်စီးဆင်းမှုကိုလည်း ခွင့်ပြုပေးသင့်ကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။
မင်းပြားဒေသခံတစ်ဦးက “လမ်းတွေအားလုံးကို ပိတ်လိုက်တာက လူတွေကို ငတ်အောင် လုပ်လိုက်တာပဲ။ ကုန်ပစ္စည်းတွေလည်း ဈေးနှုန်း အဆမတန် တက်သွားတယ်။ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့လည်း အခက်ကြုံနေရတယ်။ အခြေခံစားသောက်ကုန်တွေ စီးဆင်းမှုမရှိတော့ လူတွေ ဘာနဲ့ စားသောက်နေထိုင်ရမလဲ။ လက်နက်ကြီးတွေနဲ့လည်း မြို့မဈေးတွေကို လှမ်းပစ်နေတော့ ဈေးတွေကလည်း ပုံမှန် ဖွင့်ကြတာမဟုတ်ဘူး။ ဖွင့်တဲ့ရက်မှာ အလုအယက်ဝယ်ကြရတယ်။ ကုန်စည်စီးဆင်းခွင့်နဲ့ ခရီးသွားလာခွင့်တွေအတွက် လမ်းပန်းဆက်သွယ်ရေးကို စစ်ကောင်စီက ဖွင့်ပေးဖို့ လိုပါတယ်။ ဒါမှလည်း ရခိုင်ပြည်အတွင်း စားနပ်ရိက္ခာ လည်ပတ်ပြီး ပြည်သူတွေ အသက်ရှုရှောင်တာပေါ့” ဟု ပြောသည်။
ရခိုင်ပြည်အတွင်း အဓိက တိုက်ပွဲ ဖြစ်ပွားနေသည့် မြို့မှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တောနှင့် မင်းပြား-အမ်း မြို့နယ်အစပ် နေရာဒေသများတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ကျန်မြို့နယ်များမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ လက်နက်ကြီးများ ကျရောက်မှုကြောင့် ပြည်သူများမှာ ဟိုရွှေ့သည်ရွှေ့ ထွက်ပြေးသွားလာနေရကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် နှစ်ရက်ခန့်က စစ်ကောင်စီ နေဗီများ၏ လက်နက်ကြီးများကြောင့် ပေါက်တောမြို့မဈေးနှင့် ပုဏ္ဏားကျွန်းမြို့မဈေးတို့မှာ မီးလောင်ပြာကျကာ ကုန်ပစ္စည်းများအားလုံး ဆုံးရှုံးသွားရကြောင်း ဒေသခံများက ပြောဆိုကြသည်။
စစ်ကောင်စီမှ ရေလမ်း၊ ကုန်လမ်းကို ဖွင့်မပေးပါက ရခိုင်ပြည်အတွင်း စားနပ်ရိက္ခာများ ပြတ်တောက်နိုင်ပြီး အချိန် တစ်လအတွင်းမှာ ဒေသခံပြည်သူများ အငတ်ဘေးဖြင့် ကြုံတွေ့ရနိုင်ကြောင်း သုံးသပ်သူများက ပြောဆိုနေကြသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/789316916541070