By Narinjara / 2023 November 13

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် မြို့ခံ ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူများမှာ စေတီတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်၊ အနောက်ပိုင်းရပ်ကွက်မှ ရခိုင်အဆိုတော် နဂါး၊ သန်ပန်ချောင်းရပ်ကွက်မှ ဦးဘကြည်(၆၅)နှစ်နှင့် အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင် ကိုဝီလီယမ် တို့ဖြစ်ကြောင်းသိရသည်။
၄င်းတို့အား ယနေ့နိုဝင်ဘာလ ၁၃ ရက်၊ နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် စစ်ကောင်စီနှင့် ရဲပူးပေါင်းတပ်ဖွဲ့က အင်အားအပြည့်အစုံနှင့် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။
” ဖမ်းတာကတော့ ရဲနဲ့စစ်တပ်ပူးပေါင်းအဖွဲ့က ကားတွေနဲ့လာပြီး ဖမ်းခေါ်သွားတာပါ။ ကားပေါ်ပါလာတဲ့ ရဲတွေစစ်သားတွေအကုန်လုံးက Mask တပ်ထားကြတယ်” ဟု သူကပြောသည်။
ယနေ့မနက်ပိုင်းက ကိုနဂါးသည် သူပိုင်ဆိုင်သည့် ရေဆေးခုံတွင် လုပ်ကိုင်နေစဥ် စစ်ကောင်စီနှင့် ရဲပူးပေါင်းအဖွဲ့က လာရောက် ဖမ်းဆီးသွားကြောင်း မြို့ခံများကပြောသည်။
စေတီတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်ကိုမူ ယနေ့မွန်းလွဲ ၁၂ နာရီအချိန်က လာရောက် ဖမ်းဆီးသွားကြောင်းသိရသည်။
သန်ပန်ချောင်းရပ်ကွက်က ဦးဘကြည်ကို ယနေ့ညနေ ၃ နာရီဝန်းကျင်က စစ်ကားတစ်စီး၊ ရဲကားတစ်စီးဖြင့်လာရောက်ကာဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၊ ဦးဘကြည်၏သားဖြစ်သူမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) တပ်ဖွဲ့ဝင်တစ်ဦးဖြစ်၍ မိသားစုကိုအငြိုးထားကာ ဖမ်းဆီးသွားခြင်းဖြစ်နိုင်ကြောင်း မျက်မြင်ကျောက်ဖြူမြို့ခံလူငယ်တစ်ဦးက ပြောသည်။
” ညနေပိုင်းက ကျွန်တော့်ရှေ့တင်ပဲ ဦးဘကြည်ကိုဖမ်းသွားကြတာပါ။ ဦးဘကြည်မှာက သားက ULA / AA ကဆိုတော့ မိသားစုကိုတမင်အငြိုးအတေးနဲ့ဖမ်းသွားတာပဲဖြစ်မယ်” ဟု ပြောသည်။
လက်ရှိတွင်ဖမ်းဆီးခံထားရသူ ၄ ဦးကို မည်သည့်တပ်ရင်း၊ စခန်းများတွင် ထားသည်ကိုမူ မသိရှိရကြောင်း ကျောက်ဖြူမြို့ခံများက ပြောသည်။
ရခိုင်မြောက်ပိုင်းမြို့နယ်များတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့်ယနေ့မနက်ပိုင်းကျောက်ဖြူမြို့နယ် စနဲရဲစခန်းနှင့် မင်းပြင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုများမှာ မြို့ပေါ်ဘက်သို့ပြောင်းရွှေ့ ထွက်ပြေးသွားခဲ့ကြောင်းဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ၄ ဦးကိုလည်း ယနေ့နေ့လယ်ပိုင်းက ရဲနှင့်စစ်တပ်ပူးပေါင်းအဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်း တောင်ကုတ်မြို့ခံများက နိရဥ္စရာသို့ပြောသည်။ နိရဉ္စရာက အဆိုပါ သတင်းကို လိုက်လံစုံစမ်း မေးမြန်းနေဆဲဖြစ်ပါသည်။
ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် ယနေ့မနက်ပိုင်းကစတင်ကာ ရက္ခိုင့်တပ်တော် AA ကစခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေချိန် ကျောက်ဖြူ၊ ရမ်းဗြဲ၊သံတွဲ၊ တောင်ကုတ်အစရှိသည့်မြို့နယ်များကို စစ်ကောင်စီကအင်အား အပြည့်အစုံဖြင့်လုံခြုံရေးအထူးတင်းကျပ်ထားကြောင်း ဒေသခံများကပြောသည်။(NN-23)
https://www.facebook.com/narinjara.info/posts/739883574845441