By Narinjara / 2023 November 6

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံတောင်ပိုင်းကျေးရွာမှ အရှေ့ဘက် ၁ မိုင် ၄ ဖာလုံခန့်တွင်ရှိသော ရွှံ့မီးတောင်တစ်လုံးမှာ အသေးစားပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
အဆိုပါရွှံ့မီးတောင်မှာ ယနေ့ နိုဝင်ဘာလ ၆ ရက်၊ နေ့လယ် ၁ နာရီကျော်က အသေးစားပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ယင်းမီးတောင်ပေါက်ကွဲစဥ် ချော်ရည်များမှာ အမြင့် ၂၅ ပေခန့်အထိမြင့်တက်ခဲ့ပြီး မီးတောင်အနီးတစ်ဝိုက် ဘေးပတ်ပတ်လည် ပေ ၁၀၀ ခန့်အထိ ချော်ရည်များ ပျံ့နှံ့သွားခဲ့သည်ဟု သိရသည်။
မီးတောင်ပေါက်ကွဲမှုကြောင့် အနီးအနားရှိ လယ်ကွင်းနှင့် လူ၊ ကျွဲ၊ နွားတိရစ္ဆာန်များထိခိုက်ပျက်စီးမှု မရှိခဲ့ဟုလည်း စိုင်ခြုံကျေးရွာသားတစ်ဦးက ပြောသည်။
“ဘာမှထိခိုက်တာတော့ မရှိဘူး။ အဲ့ဒီမီးတောင်က အသေးစားပေါက်ကွဲမှုပဲဖြစ်တာပါ။ အပူရှိန်ပြင်းရင် ပြင်းသလို အမြဲတမ်း ဆူပွက်နေတာပါ။ အရင်တုန်းကတော့ မီးတောက်ပေါက်ရင် ပြင်းတယ်” ဟု ပြောသည်။
အဆိုပါရွှံ့မီးတောင်ကို ဒေသအခေါ် ဝက်အင်းနဂါးရွံမီးတောင်ဟုခေါ်ဆိုပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၆ ရက်ကလည်း တစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်၊ ညနေ ၅ နာရီခွဲခန့်ကလည်းတစ်ကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လယ်ဧက ၀ ဒသမ ၂၀ ခန့် ပျက်စီးခဲ့သည်ဟု သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ၁၉၈၇ ခုနှစ်ကလည်း တစ်ကြိမ် မီးတောက်ကာ ပြင်းထန်စွာပေါက်ကွဲခဲ့၍ လယ်ဧက ၄၀ ခန့် ပျက်စီးခဲ့သည်ဟု သိရသည်။
ကျောက်ဖြူမြို့နယ်တွင် ရွှံ့မီးတောင်အများအပြားရှိပြီး စိုင်ခြုံကျေးရွာ၏ အရှေ့ဘက်တွင် မီးတောင် (၁၀)လုံးရှိသည်။
၎င်းမီးတောင်များမှာ ပန်းယင်နဂါး၊ နဂါးကြီး၊ အောက်သားနဂါး၊ ၀က်အင်းနဂါး၊ နဂါးစောက်၊ မာန်အောင်သမနဂါး၊ သပြေတောနဂါး၊ ကိုးပေါက်နဂါး၊ ဆိတ်ကျနဂါးနှင့် ဖက်သန်းပင်နဂါးတို့ဖြစ်ကြသည်။
၎င်းပြင် ရှောက်ချောင်း၊ စည်မော်၊ ကြတ္တိန်၊ ကပ်သပြေ (၄)ရွာကြားတွင်လည်း ကြက်သေနဂါး၊ သပုန်နဂါး၊ တလင်းကြီးနဂါး၊ အရက်သည်မနဂါး စသည့် မီးတောင်(၄)လုံးရှိသည်။ (NN-12)
https://www.facebook.com/narinjara.info/posts/735944765239322