ULA/AA က အာရက္ခပြည်သူ့ရေးရာမူဝါဒနှင့် စီမံအုပ်ချုပ်ရေးကျောင်း(ASPPA)အတွက် သင်တန်းသားအသစ်များ စတင်ခေါ်ယူ

By Narinjara / 2023 October     17

ာတ်ပုံ – ULA/AA ၏ အရာရှိလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၃)ကို ရခိုင်ပြည်အတွင်း ULA/AA ထိန်းချုပ်နယ်မြေတစ်ခုတွင် ပြုလုပ်ခဲ့သည်ကို ၂ဝ၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်က ထုတ်ပြန်ခဲ့စဉ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)လက်အောက်ခံ အာရက္ခပြည်သူ့အစိုးရက အာရက္ခပြည်သူ့ရေးရာမူဝါဒနှင့် စီမံအုပ်ချုပ်ရေးကျောင်း(ASPPA)အတွက် သင်တန်းတက်ရောက်ရန် သင်တန်းသားအသစ်များကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်မည့်ရက်မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှစ၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီထိ ဖြစ်ပြီး အလုပ်သင်ကာလ ၈ ပတ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများသင်တန်း လျှောက်ထားလိုပါက အသက်(၁၈)နှစ်မှ (၃၂) နှစ်ကြားဖြစ်ရမည်ဖြစ်ပြီး ပညာအရည်အချင်း အနည်းဆုံး အထက်တန်းအဆင့်အောင်မြင်ပြီးသူ ဖြစ်ရမည်ဟု ဆိုထားသည်။

ကိုယ်လက်အင်္ဂါသန်စွမ်းပြီး ကျန်းမာ‌ရေးကောင်းမွန်သူဖြစ်ကာ ပြစ်မှု/မှုခင်းကင်းရှင်းသူဖြစ်ရမည်ဟု ဆိုသည်။

(၁၇) လကြာသင်တန်းကိုပြီးမြောက်အောင်တက်ရောက်နိုင်သူဖြစ်ရမည်ဖြစ်ပြီး အမျိုးသားရေးကို စိတ်ပါဝင်စားကာ လူမှုရေး၊ ဆောင်ရွက်နေသူများကို ဦးစား‌ပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောင်းပြီးဆုံးပါက ဘွဲ့နှင်းသဘင်ကျင်းပမည်ဖြစ်ပြီး ကျောင်းပြီးဆုံးသည့်အခါ အာရက္ခအုပ်ချုပ်ရေး ယန္တရားတွင် နေရာ/ဒေသမရွေးပေးအပ် လာသောတာဝန်ကို ထမ်းဆောင်နိုင်သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစ၍ အောက်တိုဘာလ ၃၀ ရက်အထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းမှ အခြေခံစစ်ပညာ၊ Academic Foundations၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ၊ ပြည်သူ့‌ရေးရာမူဝါဒ၊ ပြည်သူ့ရေးရာ စီမံအုပ်ချုပ်‌ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေ၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု၊ အလုပ်သင် စသည့်ဘာသာရပ် ၁၀ ခုကိုသင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အာရက္ခအစိုးရမှ ယခုလို ကျောင်းများနှင့်တာဝန်ထမ်းဆောင်မည့်သူများအား ခေါ်ယူမှုများ လုပ်နိုင်ခြင်းသည် ကိုယ့်ပြည်နယ်ကို ထိန်းချုပ်လာနိုင်ခြင်းဟု မြင်မိကြောင်း ကျောက်တော်မြို့ခံ လူငယ်တစ်ဦးက နိရဥ္စရာကိုပြောသည်။

“ဒီလိုလုပ်တာ အားပေးတယ်။ ထောက်ခံတယ်။ ကျနော့်အမြင်ပြောရရင် ကိုယ့်ပြည်ကို ထိန်းချုပ်လာနိုင်တယ်မြင်တယ်”ဟု ပြောသည်။

ယခုကျောင်းအတွက် ကျောင်းသားများခေါ်ယူနေသော်လည်း ပညာအရည်အချင်း ကန့်သတ်ထားသည့် အတွက် အားငယ်မိသည်ဟု ၎င်းက ပြောသည်။

“ကျနော်ဆိုတက်ချင်တယ်။ ဒါပေမဲ့ ပညာအရည်ချင်းကန့်သတ်ထားတော့ ဝမ်းနည်းမိတယ်”ဟု ပြောသည်။

လျှောက်လွှာဖောင်များ နီးစပ်ရာ ULA နိုင်ငံရေးရုံးများ၊ နယ်မြေရုံးများ၊ အခြား အာရက္ခအုပ်ချုပ်ရေးယန္တရားရုံးများတွင် ယနေ့ အောက်တိုဘာ ၁၇ ရက်မှ စတင်ကာ အခမဲ့ထုတ်ယူနိုင်ပြီး Telegram account @ASPPA22 မှလည်း လျှောက်လွှာတောင်းယူနိုင်ကြောင်း သိရသည်။

Online မှ လျှောက်ထားလိုပါက asppa.info@gmail.com (သို့မဟုတ်) Telegram account @ASPPA22 (သို့မဟုတ်) Online application link (https://ee.kobotoolbox.org/x/1AlwaBux )မှတဆင့် လျှောက်ထားနိုင်သည်ဟု ULA က ထုတ်ပြန်ထားသည်။

အာရက္ခပြည်သူ့ရေးရာမူဝါဒ အုပ်ချုပ်‌ရေးကျောင်းသည် အာရက္ခပြည်သူ့အုပ်ချုပ်ရေး ယန္တရားတွင် လိုအပ်သောအရည်အချင်း၊ ပြည့်ဝသည့်ဝန်ထမ်းကောင်းများ မွေးထုတ်နိုင်ရေးအတွက် ရခိုင်တွင် ၂၀၂၂ ခုနှစ်တွင် စတင်ဖွင့်လှစ်သော ကျောင်းဖြစ်သည်ဟု သိရသည်။

အဆိုပါကျောင်းသည် ပြည်သူ့ရေးရာမူဝါဒဘာသာရပ်များ၊ ပြည်သူ့ရေးရာစီမံအုပ်ချုပ်ရေး ဘာသာရပ်များ၊ စီမံခန့်ခွဲမှုဘာသာရပ်များ၊ သုတေသနဘာသာရပ်များ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာဘာသာရပ်တို့ကို သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။

အာရက္ခပြည်သူ့အစိုးရ၏ တရားဥပဒေရေးရာဌာနလက်အောက်ရှိ တရားရုံးနှင့် ဥပဒေရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် ဥပဒေရေးရာ လေ့ကျင့်ရေး ကျောင်းဝင်ခွင့်လျှောက်လွှာကိုလည်း ULA/AA က ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်မှ စတင်ခေါ်ယူခဲ့သည်ဟု သိရသည်။ (NN-11)

လျှောက်လွှာ ဓာတ်ပုံ – APM

https://www.facebook.com/narinjara.info/posts/724190153081450

Leave a Reply

Your email address will not be published.