By Narinjara / 2023 October 13
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ပန်းတောပြင်အုပ်စု၊ ကျွဲတဲကျေးရွာမှ ဆိုင်ကယ်ခိုးသည်ဟုသံသယဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ရဲစခန်းတွင် ဖမ်းဆီးခံရပြီးနောက် အချုပ်အတွင်း သေဆုံးသွားသည့်လူငယ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများကို အရေးယူသွားမည်ဟု ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး အာရက္ခပြည်သူ့အစိုးရ ရဲတပ်ဖွဲ့ရဲ့လက်ထဲမှာ တရားခံတစ်ယောက် သေသွားလို့ရှိရင်တော့ ရဲတပ်ဖွဲ့မှာ အပြည့်အဝတာဝန်ရှိတယ်။ ဆိုတော့ ကျနော်တို့ အာရက္ခပြည်သူ့အစိုးရအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလူသေမှုမှာ သေမှုသေခင်းနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာတာဝန်ရှိ ရဲတပ်ဖွဲ့မှုးရယ်။ အဲ့ဒီမှာ ပါဝင်ပတ်သက်တဲ့ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးမှုတွေ ဆက်လုပ်နေပြီ။ တာဝန်ရှိတဲ့လူတွေကိုတော့ ကျနော်တို့အဖွဲ့ရဲ့ စည်းမျဉ်း၊ စည်းကမ်းအရ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
သေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ်၊ ကျွဲတဲကျေးရွာမှ ကိုအောင်နိုင် (၂၄) နှစ်ဖြစ်သည်။
ဇွန်လ ၂၂ ရက်က ကျောက်ဖြူမြို့၊ မြစ်နားတမ်းရပ်ကွက်၊ စံပြစျေးနား ဆိုင်ကယ်တစ်စီးအခိုးခံရမှုအား ULA/AA ၏ ကျောက်ဖြူနယ်မြေရဲစခန်းကို ပိုင်ရှင်က လာရောက်တိုင်ကြားသည့်အတွက် ကိုအောင်နိုင်ကို ဆိုင်ကယ်ခိုးမှုသံသယဖြင့် စက်တင်ဘာလ ၄ ရက်တွင် ULA/AA ကဖမ်းဆီးသွားခြင်းဖြစ်ပြီး သူနှင့်အတူ နောက်ထပ်နှစ်ဦးလည်း ဖမ်းဆီးထားကြောင်း သိရသည်။
၄င်းတို့ ၃ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်စစ်ဆေးမှုများလုပ်နေစဉ် ကိုအောင်နိုင်သည် အချုပ်ထဲမှ ထွက်ပြေးသည့်အတွက် ULA/AA ရဲတပ်ဖွဲ့ဝင်များက ကြမ်းတမ်းစွာ ရိုက်နှက်ဖမ်းဆီးမှုများရှိခဲ့သည်ဟု ဦးခိုင်သုခက ဝန်ခံပြောဆိုသည်။
“ရဲတပ်ဝင်တွေ ဖမ်းဆီးဖို့ကြိုးစားချိန် သူက ခုခံတော့ ရဲတပ်ဖွဲ့တွေနဲ့ ထိုးကြ၊ ကြိတ်ကြဖြစ်ကြတာပေါ့။ ဟိုကလည်း ခုခံတဲ့အခါကျတော့ ရဲတပ်ဖွဲ့ကလည်း သူ့ကိုဖမ်းဆီးနိုင်ဖို့ ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ရတဲ့ အနေအထားရှိတယ်။ အခုလိုဖမ်းလာပြီး ရဲစခန်းကို ရောက်တဲ့အခါ ထွက်ပြေးသွားတဲ့ တရားခံဆိုတော့ နည်းနည်း အပြစ်ပေးတာပေါ့ဗျာ။ သူ့ကို နည်းနည်းကြိမ်လုံးနဲ့ရိုက်တာတွေရှိတယ်။ သူ့ကိုပြန်ချုပ်ထားလိုက်တာပေါ့။ ညတစ်နာရီလောက်မှာ အိမ်သာသွားချင်တယ်ပြောတော့ တာဝန်ကျအရာရှိက လိုက်ပို့တယ်။ တက်ပြီးပြန်လာချိန် လမ်းမှာ မှောက်လဲတော့ ဆေးမှူးနဲ့ဆေးကုသပေမယ့် အချိန်တိုအတွင်းမှာပဲ ဆုံးသွားတာပါ”ဟု ပြောသည်။
အတွင်းဒဏ်ရာရရှိထားသည့် ကိုအောင်နိုင်အား ရေများများ မသောက်ရန် တာဝန်ကျ ရဲမှူးက မှာထားသော်လည်း ကိုအောင်နိုင်မှာ အိမ်သာသွားစဉ် ရေသောက်ခဲ့သည့်အတွက် ရှော့ခ်ဖြစ်ကာ သေဆုံးသွားခြင်းဖြစ်သည်ဟု ဦးခိုင်သုခက ပြောသည်။
ရိုက်နှက်ခံ ဒဏ်ရာ၊ သေနတ်ဒဏ်ရာ၊ မိုင်းထိဒဏ်ရာစသည့် ဒဏ်ရာစိမ်းများရချိန် ရေများများသောက်မိပါက ရှော့ခ်ဖြစ်ပြီး သေဆုံးတတ်သည်ဟု ဦးခိုင်သုခက ဆိုသည်။
ကိုအောင်နိုင်၏ဖခင်ကမူ သားဖြစ်သူ ကိုအောင်နိုင်ကို အမှန်တကယ်ခိုးမှုမြောက်ပါက ထိုက်သင့်သည့် အပြစ်ဒဏ်ပေးသင့်ပြီး သေဆုံးသည်အထိ ဖြစ်ပွားခဲ့မှုအပေါ် တူညီသည့် ပြစ်ဒဏ်ကိုလိုလားကြောင်း ပြောသည်။
“ကျနော့်သားက သေသွားပြီလေ။ ဒီတော့ ကျနော် ပြစ်ဒဏ်အနေနဲ့ သေစားသေခံရမှ ကျေနပ်ပါမယ်”ဟု ဆိုသည်။
ဆိုင်ကယ်ခိုးမှုနှင့်ပတ်သက်ပြီး ကိုအောင်နိုင်၏ မိသားစုများက တရားလိုနှင့် သွားရောက်ဆွေးနွေးချိန်တွင် တရားလိုက အမှုကို ကျေအေးပေးခဲ့ကြောင်း မိသားစုထံမှ သိရသည်။
၂၀၂၂ ခုနှစ်၊ မတ်လကလည်း မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်မှ ဦးမောင်ကြီးလှသည်လည်း ULA/AA က ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း လက်လွန်သေဆုံးခဲ့ရဖူးသည်။ (NN-7)
https://www.facebook.com/narinjara.info/posts/721450013355464