By Narinjara / 2023 October 13

မြန်မာနိုင်ငံရှိ စျေးကွက်များအတွင်းရောင်းချနေကြသည့် စားသောက်ကုန်များအနက် စားသုံးရန်မသင့်သော စားသောက်ကုန် ၁၉ မျိုးကို ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ထုတ်ပြန်လိုက်ရာ ယင်းအထဲတွင် ရခိုင်မှ ၂ မျိုးပါဝင်သည်ဟု သိရသည်။
စားသုံးရန်မသင့်သော ရခိုင်မှ စားသောက်ကုန် ၂ မျိုးမှာ စစ်တွေမြို့ပေါ်ရှိ ဈေးဆိုင်များတွင် ရောင်းချနေသည့် လျှာရင်းမြတ် အမည်ရှိ ဇီးစပ်လုံးနှင့် ရှမ်းမလေး သစ်သီးယိုတို့ဖြစ်သည်။
လျှာရင်းမြတ် အမည်ရှိ ဇီးစပ်လုံးတွင် Benzoic acid သတ်မှတ်ပမာဏထက်ပိုမိုသုံးစွဲထားပြီး ရှမ်းမလေး သစ်သီးယိုတွင် Sodium Cyclamate သတ်မှတ်ပမာဏထက် ပိုမိုသုံးစွဲထားသည်ကိုတွေ့ရကြောင်း FDA က ယမန်နေ့ အောက်တိုဘာလ ၁၂ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တွေမြို့မှမြို့ခံအမျိုးသမီးတစ်ဦးက “ရောင်းချတာကတော့ ရောင်းတဲ့သူက ဘယ်အစားအသောက်မှာ ဘာတွေပါမှန်းမသိတာလည်းဖြစ်နိုင်တယ်ပေ့ါနော်။ FDA ပြောထားပြီဆိုတော့ နောက်မရောင်းတော့ရင် ကောင်းမယ်။ ဒါတွေက ကလေးတွေအလွန်အကျွံစားသုံးမိရင် အသက်အန္တရာယ်ထိ ထိခိုက်နိုင်တယ်”ဟု ပြောသည်။
FDA က ထုတ်ပြန်သည့် ရခိုင်မှ စားသုံးရန်မသင့်သော စားသောက်ကုန် ၂ မျိုးနှင့်အတူ နောက်ထပ် စားသောက်ကုန် ၁၇ မျိုးမှာ မကွေးတိုင်းဒေသကြီးတွင်ရောင်းချနေသည့် ထူးကဲပို အမည်ရှိ ပုန်းရည်ကြီးကြော်၊ ဘုရင်မအမည်ရှိ ရှောက်သီးပေါင်း၊ ဇယန်းပလောင် အမည်ရှိ ဇယန်းအစပ်နှပ်၊ ချိုဝင်းအမည်ရှိ သံပုရာပေါင်း၊ Jelly Egg အမည်ရှိ ဂျယ်လီ၊ Fruity အမည်ရှိ ဂျယ်လီ အညိုရောင်၊ အနီရောင်၊ အစိမ်းရောင်၊ ကောင်းထက်စံ အမည်ရှိ ယိုစုံ၊ ရွှေမိအမည်ရှိ ယိုစုံ၊ ဘော့စ် အမည်ရှိ သံပုရာအချိုရည်အမှုန့်၊ ဘော့စ် အမည်ရှိ လိမ္မော်အချိုရည်အမှုန့်၊ MR-Power အမည်ရှိ အားဖြည့်အချိုရည်၊ ရှမ်းပြည်နယ်တွင် ဌေးဌေးအမည်ရှိ သစ်သီးယိုစုံ၊ စားဖိုမှူးစိတ်ကြိုက် အမည်ရှိ ငရုတ်ဆော့စ်၊ မြတ် အမည်ရှိ ရောသမမွှေစုံနှင့် ကရင်ပြည်နယ်တွင် အမျိုးအမည်မသိသော အရောင်တင်မှုန့်တို့ဖြစ်ကြောင်း သိရသည်။
စျေးကွက်များတွင်ရောင်းချလျက်ရှိသော အစားသောက်များကို စျေးများ၊ ကျောင်းမုန့်စျေးတန်းများမှ ဝယ်ယူကာ ဇန်နဝါရီလမှ ဇွန်လအတွင်း ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာတွင် တွေ့ရှိရခြင်းဖြစ်သည်ဟု FDA က ဆိုထားသည်။
စားသုံးသူများ၏ ကျန်းမာရေးကိုထိခိုက်စေနိုင်သော ခွင့်မပြု တာရှည်ခံ ဓာတုပစ္စည်းများ၊ ခွင့်မပြု ဆိုးဆေးများ ပါဝင်မှုနှင့် ခွင့်ပြု အစားအသောက်ထပ်ဖြည့်ပစ္စည်းများအား သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်သုံးစွဲထားသည်တို့ကြောင့် အစားအသောက်များကို ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်သဖြင့် ယခုဖော်ပြထားသော အစားအသောက်များကို နောက်ထပ်ကြေညာချက် ထုတ်ပြန်သည်အထိ စားသုံးခြင်းမပြုရန် FDA က အသိပေးထားသည်။
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ၊ ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ ခွင့်ပြုအစား အသောက်ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်နှင့် လိုက်နာဆောင်ရွက် ခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈ (က) အရ အရေးယူမည်ဖြစ်ကြောင်းလည်း FDA က သတိပေးထုတ်ပြန်ထားသည်။ (NN-11)
https://www.facebook.com/narinjara.info/posts/721538706679928