By Western News / 2023 October 11
ရက္ခိုင့်တပ်တော် AA မှ ဖမ်းဆီးထားသည့် သံဃာတော် ၄ပါးနှင့် ဒေသခံတစ်ချို့မှာ မိသားစုဝင်များနှင့် အဆက်အသွယ် မရရှိဘဲ အချိန်ကြာမြင့်စွာ ပြတ်တောက်မှုရှိနေ၍ စိုးရိမ်မှုများ ဖြစ်နေကြောင်း ဖမ်းဆီးခံထားရသူ၏ မိသားစုဝင်များက ပြောသည်။
AA မှ ဖမ်းဆီးပြီး အဆက်သွယ်ပြတ်တောက်နေသူများတစ်ချို့ထဲတွင် မြောက်ဦးမှ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ပါတီ၏ CEC များဖြစ်သည့် မြို့ဦးခေါင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝဏ္ဏသာရ၊ နန်းမြို့စာတိုက်ဆရာတော် ဘဒ္ဒန္တကေသရ၊ လကွယ်တောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တထေရဝံသ၊ ရွှေစည်းဝ (ပြင်စျေး) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မပီယတို့ ဖြစ်ကြသည်။
ထို့အပြင် စစ်တွေမြို့ စက်ရုံစုရပ်ကွက်တွင် နေထိုင်ခဲ့သူ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်နှင့် ရခိုင့်ဦးဆောင်ပါတီ AFP ပါတီမှ အမတ်များဖြစ်ကြသည့် ဦးကျော်လွင်နှင့် ဦးကျော်ဇော်ဦးတို့လည်း အပါအဝင်ဖြစ်သည်။
ထိုအထဲမှ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းက ဖမ်းဆီးခံခဲ့ရသူ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်မှာ ဖမ်းဆီးခံရပြီးနောက် ကျောင်းထွက်လိုက်ရပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုပင် ယနေ့အချိန်အထိ မသိရှိရဟု မိခင်ဖြစ်သူကပြောသည်။
“ဖမ်းပြီး ပြန်မလွှတ်တော့ ကျောင်းထုတ်လိုက်ရတယ်။ ကျမမှာ လင်သားလည်းမရှိတော့ ဒီသားယောကျ်ားလေးတစ်ယောက်ကို အားကိုးအားထားပြုခဲ့တာ။ ကျမတွေးမိရင် ငိုဖြစ်တယ်။ အခုဘယ် နေရာမှာ ရှိနေတယ်ဆိုတာတောင်မသိရပါဘူး။ အဆက်သွယ်လည်း မလုပ်လာဘူး” ဟုပြောသည်။
ယင်းအပြင် ရက္ခိုင့်တပ်တော် AA မှာ ဖမ်းဆီးထားသည့် မြောက်ဦးမှ ဆရာတော်ကြီး လေးပါးတို့နှင့် ဖမ်းဆီးသည့်နေမှစ၍ ယနေ့အချိန်အထိ မိသားစုဝင်များ အဆက်သွယ်မရရှိကြဘဲ ၎င်းတို့ကို မည်ပုဒ်မနှင့် တရားစွဲထားကြောင်းကိုလည်း မသိရသေးကြောင်း နီးစပ်သူများက ပြောသည်။
“ဆရာတော် လေးပါးကို AA က ဖမ်းဆီးထားတယ်။ ဘယ်မှာ ထိန်းသိမ်းထားတယ်။ ဘာပုဒ်မနဲ့ တရားစွဲထားတယ်ဆိုတာကို ဖမ်းဆီးတဲ့နေ့ကစလို့ အခုအချိန်အထိ မသိရဘူး။ ဆရာတော်ရဲ့ မိသားစုဝင်တွေကိုလည်း အသိမပေးဘူး။ ဆရာတော်မိသားစုဝင်တွေနဲ့ တကာ၊ တကာမတွေက အရမ်းစိုးရိမ်နေကြတယ်။ တာဝန်ရှိသူတွေကကလည်း တစ်စုံတစ်ရာထုတ်ပြန်တာတွေ၊ မိသားစုတွေကို အသိပေးတာတွေကို လုပ်သင့်တယ်”ဟုပြောသည်။
ရခိုင့်ဦးဆောင်ပါတီ AFP ပါတီမှ အမတ် ၂ဦးဖြစ်သည့် ဦးကျော်လွင်နှင့် ဦးကျော်ဇော်ဦးတို့ထဲမှ ဦးကျော်လွင်မှာမူ မိသားစုနှင့် ရံဖန်ရံခါအဆက်သွယ်ရရှိမှုရှိပြီး တွေ့ခွင့်ရရှိခြင်းမရှိဟု ဦးကျော်လွင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။
ရက္ခိုင့်တပ်တော်မှ ဖမ်းဆီးထားပြီး ထိုကဲ့သို့ အဆက်သွယ်မရရှိဘဲ ရှိနေသည့်ဖြစ်စဉ်များမှ မြောက်ဦး၊ အမ်း၊ ပေါက်တော၊ မြေပုံနှင့် ရမ်းဗြဲ စသည့်မြို့နယ်တို့တွင် ရှိနေကြောင့် ၎င်းတို့မှာ မိသားစုဝင်များနှင့် တွေ့ခွင့် မရကြောင်း သိရရှိရသည်။
ထိုမြို့နယ်များထဲတွင် ရမ်းဗြဲမရွတ်ချိတ်တောင်ပိုမှ မောင်နေမျိုးထက်မှာလည်း ဖမ်းဆီးခံရပြီး ၂ နှစ်နီးပါးကြာ မိသားစုနှင့် အဆက်သွယ်ပြတ်တောက်ကာ မိသားစုဝင်များမသိဘဲ ထောင်ဒဏ် ၁၀ နှစ်ခန့် ကျခံနေခဲ့ရမှုတို့ရှိခဲ့ပြီး လက်ရှိအခြေနေနှင့် ပတ်သက်၍ မိသားစုဝင်တစ်ဦးက ယခုကဲ့သို့ပြောသည်။
“သူ့ကိုဖမ်းသွားတာလည်း ကျမတို့မသိလိုက်ဘူး။ မုဒိမ်းမှုနဲ့ မြေပုံမှ ထောင်ချထားတာလည်း ကျမတို့မသိဘူး။ လူပျောက်သွားတိုင်မှပဲ ထောင်ကျနေတယ်ဆိုတာကို သိခဲ့ရတာပါ။ အဲ့ဒီအခါကျမှ ရုံးချိန်းတော့ ကာယကရှင်ကောင်မလေး ကိုယ်တိုင်က နေမျိုးထက်မဟုတ်ကြောင်း ပြောတယ်။ အဲ့ဒါကြောင့် ထောင်ဒဏ် ၃ နှစ်လျော့ပေါ့ပေးတယ်တဲ့။ အခုအမ်းမှာ ထောင်ဒဏ်ချထားပါတယ်။ သွားတွေ့ရင်တော့ တွေ့ခွင့်ရတယ်။ သူ့မှာ က ခကြာ ခဏ သတိလပ်တဲ့ (အတက်) ရောဂါရှိတဲ့အတွက် ဆေးဝါးတွေ ဘာတွေပေးရင်တော့ ပေးခွင့်မရဘူး” ဟုပြောသည်။
အဆိုပါ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ အား Western News က ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေဆိုခြင်း မရှိခဲ့ပေ။
ရက္ခိုင့်တပ်တော် အနေဖြင့် ဖမ်းဆီးထားသူများအား ယခုကဲ့သို့ မိသားစုနှင့် ဆက်သွယ်ခွင့်မပေးခြင်း အကြောင်းပြချက်မပေးဘဲ ဖမ်းဆီးမှုတို့အများအပြားရှိနေပြီး ထိုကဲ့သို့ လုပ်ဆောင်ခြင်းမှာ လူ့အခွင့်အရေး အရ သွေဖယ်နေကြောင်း ဒေသတွင်း စောင့်ကြည့်သူများက ဝေဖန်ပြောဆိုကြသည်။
ရခိုင်နိုင်ငံရေး စောင့်ကြည့်နေသူ အမည်မဖော်လိုသူတစ်ဦးက” ဖမ်းဆီးထားတဲ့သူတွေကို မိသားစုနဲ့ တွေ့ခွင့်ပေးရပါမယ်။ တော်လှန်ရေးလုပ်တဲ့အဖွဲ့အစည်းက လူထုထောက်ခံမှုက အရမ်းအရေးကြီးပါတယ်။ အောက်ခြေမှာ ဖြစ်ပျက်နေတာကို အထက်လူကြီးတွေက ပိုပြီးသိဖို့ လိုပါတယ်။ သေချာလည်း စုံးစမ်းစစ်ဆေးပြီးတော့ မဟုတ်မမှန်တဲ့ လုပ်ရပ်တွေကို အရေးယူဖို့လိုပါတယ်။ ဒါက တော်လှန်ရေးတစ်ရပ်မှာ အရမ်းအရေးပါတယ်ဆိုတာကို သိဖို့လိုပါတယ်။ ဒီလိုမိသားစုနဲ့ တွေ့ခွင့်မပေးဘူးဆိုရင် ယုံကြည့်မှုတွေ အများကြီး ပျက်ပြယ်သွားနိုင်တယ်ဆိုတာကို သတိချပ်စေချင်ပါတယ်”ဟုပြောသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော်အနေဖြင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်ကို မြို့နယ်အလိုက် နေရာဒေသအများစုတွင် လွှမ်းမိုးနိုင်လာမှုတို့ရှိလာပြီး တရားစီရင်ရေးလုပ်ငန်းများကိုလည်း ဒေသအလိုက် ပိုမိုလုပ်ဆောင်နိုင်လာမှုတို့ ရှိလာကာ ULA ၏ တရားစီရင်ရေးနှင့်ပတ်သက်၍ လည်း ဒေသတွင်းဝေဖန်မှုများ မြင့်တက်လာမှုတို့လည်း ရှိလာနေသည်။
Western News-WN