AA ပါဝင်သည့် ညီနောင် မဟာမိတ်နှင့် ပူးပေါင်းအဖွဲ့တို့က စစ်ကောင်စီ၏ တပ်စခန်းများကို သိမ်းပိုက်၊ လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း ထုတ်ပြန်

By Western News / 2023 October     27

ရက္ခိုင့်တပ်တော် AA ပါဝင်သည့် ညီနောင်မဟာမိတ်နှင့် ပူးပေါင်းအဖွဲ့တို့က စစ်ကောင်စီ၏ တပ်စခန်းများကို သိမ်းပိုက်ခဲ့ပြီး လက်နက်အများအပြားသိမ်းဆည်း ရမိကြောင်း ကိုးကန့်ဘက်က ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့ ညပိုင်းက ထုတ်ပြန်သည်။

မဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအမည်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ် စခန်းအများအပြားကို ညီနောင်မဟာမိတ်နှင့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်အများအပြား သိမ်းဆည်း ရမိခဲ့ကြောင်း ထုတ်ပြန်ချက်က ရေးသားထားသည်။

ယနေ့ ၇နာရီ ၄၀မိနစ်မှာလည်း စစ်ကောင်စီလက်အောက်ခံ လုံထန်ပြည်သူ့ စစ်စခန်းတစ်ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး ညနေပိုင်းအထိ စစ်ကောင်စီတပ်စခန်းများကို ညီနောင်မဟာမိတ် ၃ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်နေကြောင်း သတင်းဖော်ပြထားသည်။

ကိုးကန့်တပ်၏ ထုတ်ပြန်ချက်တွင် ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုး နှင့် လားရှိးမြို့ရှိ စစ်ရေးစခန်းအများအပြားကို သိမ်းပိုက်ချေမှုန်းနိုင်ခဲ့ပြီး မုံးကိုးခရိုင် ရှီကျိကျတောင်ကုန်း၊ ကိုးကန့်ခရိုင် ရှင်းဝမ်ဒေသ ရှောက်တင်းပရွာ၊ ကိုးကန့်ခရိုင် ရှီးရှန်းဒေသ ကန်ဝမ်ထန်ရွာနှင့် ခုမာရွာကြား၊ ချင်းရွှေဟော်ဒေသ နန်ဖာရှန်းတောင်ကုန်းရှိ စစ်ကောင်စီတပ်များကို ဆက်လက်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော် AA ပါဝင်သည့် ညီနောင်မဟာမိတ်တို့က စစ်ကောင်စီတပ်များအား စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး  ၅ နာရီအချိန်ခန့်တွင် ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုး နှင့် လားရှိးမြို့ရှိ စစ်ရေးစခန်းအများအပြားကို သိမ်းပိုက်ချေမှုန်းခဲ့သည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၄ နာရီက ကိုးကန့်တပ် MNDAA ၏ ရှမ်းပြည် လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဖက်က ရခိုင်တပ်ရင်းမှူးတစ်ဦး သေဆုံးသွားကြောင်း Western News က စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်များကို 1027 စစ်ဆင်ရေးဖြင့် တိုက်ခိုက်နေခြင်းကြောင့် ရခိုင်ပြည်တွင်လည်း စစ်ကောင်စီက လက်စားချေလာနိုင်၍ ရခိုင်စစ်မျက်နှာပြန်ပွင့်နိုင်ပြီး ပြည်သူများအနေဖြင့် အထူးဂရုစိုက်ကြရန် ရခိုင့် နိုင်ငံရေးသုံးသပ်သူများက တိုက်တွန်းနေကြသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်လိုက်သော 1027 စစ်ဆင်ရေးတွင် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် BPLA ကလည်း ပါဝင်တိုက်ခိုက်နေကြောင်း တာဝန်ရှိသူများက Western News ကို ပြောဆိုလိုက်သည်။

ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့တွင် ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်က စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့၍ ပြည်သူတစ်မြို့လုံးနီးပါး ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့ နံနက် အစောပိုင်းက ရက္ခိုင့်တပ်တော် AA ပါဝင်သည့် ညီနောင်မဟာမိတ်နှင့် ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အများအပြား သေဆုံးခဲ့ကြောင်း ဒေသခံများက Western News ကိုပြောသည်။

ညီနောင်မဟာမိတ်နှင့် ပူးပေါင်းအဖွဲ့တို့က စစ်ကောင်စီနှင့် ပြည်သူ့စစ်များကို နှိမ်နင်းနိုင်ဖို့ ၁၀၂၇ စစ်ဆင်ရေးကို ဟန်ချက်ညီ ပူးပေါင်းဆင်နွဲလိုက်ကြောင်း  AA ပါဝင်သည့် မဟာမိတ်အဖွဲ့ က ယနေ့ အောက်တိုဘာ ၂၇ရက်နေ့ နံနက်အစောပိုင်းက သတင်းထုတ်ပြန်သည်။

https://www.facebook.com/westernnewsagency/posts/771198095019619

Leave a Reply

Your email address will not be published.