၁၀၂၇ စစ်ဆင်ရေးတွင် ပြည်သူများအနေဖြင့် ဆက်လက် ပူးပေါင်းပါဝင်ဖို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ တိုက်တွန်း

By Western News / 2023 October     30

၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် အောက်တိုဘာလ  ၂၇ ရက်နေ့တွင် စတင်ခဲ့သော ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးကို ပြည်သူများအနေဖြင့် ဆက်လက် ပူးပေါင်းပါဝင်ဖို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ က ၂၉ရက်နေ့ ရက်စွဲဖြင့် တိုက်တွန်းလိုက်သည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်လည်း မိမိတို့ ရည်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး၊ ရည်မှန်းချက်များနှင့်အတူ မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော ဆန္ဒ၊ မျှော်မှန်းချက် များကို အပြည့်အဝရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

စစ်ဆင်ရေးအောင်မြင်ရန်အတွက် ပြည်သူလူထု၏ အားပေးထောက်ခံမှုနှင့် ဝန်းရံပံ့ပိုးမှုတို့သည် အလွန်အရေးကြီးပြီး အဆိုပါ စစ်ဆင်ရေးကြီး မပြီးမချင်း ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် တစ်သွေးတည်း၊ တစ်သားတည်းရှိရန် ဆက်လက် လိုအပ်နေအုံးမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။

ထို့အပြင် စစ်ဆင်ရေးကြီးကို အထောက်အပံ့၊ အကူအညီဖြစ်သော မည်သည့် လုပ်ဆောင်ချက်မျိုးဖြင့်မဆို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် ပါဝင်၍ သော်လည်းကောင်း၊ ပုံစံတစ်မျိုးမျိုးဖြင့် သော်လည်းကောင်း ဆက်လက် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။

၁၀၂၇ စစ်ဆင်ရေး ကြိုဆိုထောက်ခံကြသော မြန်မာပြည်သူလူထုတစ်ရပ်လုံး အပါအဝင် အဖွဲ့အစည်း အသီးသီး၊ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီကို ညီနောင်မဟာမိတ် ၃ ဖွဲ့ က များစွာကျေးဇူးတင်ရှိကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးမှာ အောက်တို့ဘာ ၂၈ ရက်နေ့ ညနေပိုင်းအထိ မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ ၄၈နာရီအတွင်း စစ်ကောင်စီ တပ်စခန်း ၄၀ နီးပါး၊ တင့်ကား ၂ စီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/772678341538261

Leave a Reply

Your email address will not be published.