(ရခိုင်အမျိုးသားပါတီ ANP ကို ၇ လကြာသည်အထိ နိုင်ငံရေးပါတီမှတ်ပုံတင် မထုတ်ပေးသေး)
By Western News / 2023 October 17

မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီများထဲမှ အချို့နိုင်ငံရေးပါတီများအနေဖြင့် အောက်တိုဘာလအတွင်း ရက်ပိုင်း ၁၈၀ ပြည့်မည်ဖြစ်၍ သတ်မှတ်ကာလအတွင်း ပါတီရုံးခန်းများဖွင့်လှစ်ရန်နှင့် ပါတီဆိုင်းဘုတ်များ တင်ကြရန် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားနေသည်။
ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံတွင် မှတ်ပုံတင်ရရှိထားသည့် နိုင်ငံရေးပါတီ ၃၇ ခုမှ ဥက္ကဌများ၊ ထိပ်ပိုင်းခေါင်းများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
ပါတီရုံးခန်းဖွင့်လှစ်ခြင်းနှင့် ပါတီဆိုင်းဘုတ်တင်ခြင်းများ ဆောင်ရွက်ရာ၌ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် စည်ပင်သာယာရေးအဖွဲ့အစည်းတို့၏ ခွင့်ပြုချက် ရယူဆောင်ရွက်ရန်လိုကြောင်း ဆိုသည်။
အစိုးရပိုင်အဆောက်အဦ၊ နိုင်ငံ့ဝန်ထမ်းပိုင်အဆောက်အဦ၊ ပိုင်ဆိုင်မှုအငြင်းပွားအဆောက်အဦနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများတွင် ဖွင့်လှစ်ခြင်းမပြုကြောင်းနှင့် မြို့နှင့်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ပါတီရုံးများဖွင့်လှစ်ထားပါက ဖြုတ်သိမ်းရန် ဦးသိန်းစိုးက ဆိုသည်။
လာမည့်ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းတို့ကို ပါတီခေါင်းဆောင်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရှင်းပြခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သော နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီဝင်များကို စည်းရုံးရန်နှင့် စစ်ဆေးခံနိုင်ရေးဆောင်ရွက်ထားရန်ညွှန်ကြားခဲ့သည်။
နိုင်ငံရေးပါတီများအနေဖြင့် ကျင်းပမည့်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရေးနှင့် အနိုင်ရရှိရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီအကြီး၊ အငယ်၊ အဟောင်း၊ အသစ်မခွဲခြားဘဲ ဥပဒေနှင့်အညီတိကျစွာ ဆောင်ရွက်မည်ဟု ဦးသိန်းစိုးက ဆိုသည်။
စစ်ကောင်စီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအသစ်အရ ရခိုင်ပြည်အတွင်းက နိုင်ငံရေးပါတီ ၆ ခုတင်ထားသော်လည်း ရခိုင့်ဦးဆောင်ပါတီအပါအဝင် ပါတီ ၅ ခုကိုသာ ပြည်ထောင်စုရွေး/ကော်က ခွင့်ပြုထားပြီး အင်အားကြီးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ ANP ကို ယနေ့အချိန်အထိ နိုင်ငံရေးပါတီမှတ်ပုံတင် ထုတ်ပေးခြင်းမရှိသေးပေ။
ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခိုင်ပြည်စိုးက “မှတ်ပုံတင်မကျသေးပါဘူး။ အရမ်းကြာနေပြီ။ ဘာဖြစ်လို့ ထုတ်မပေးတာလဲ ကျနော်တို့လည်း မသိဘူး။ အကြောင်းအရင်းတွေကိုလည်း UEC ဘက်က တစ်စုံတစ်ရာ အကြောင်းကြားတာ မရှိသေးဘူး ” ဟု ပြောသည်။
ရခိုင်အမျိုးသားပါတီ ANP ကို စစ်ကောင်စီက မှတ်ပုံတင်ခွင့် မပြုသေးခြင်းကြောင့် နိုင်ငံရေးလှုပ်ရှားမှုများ၊ ပါတီလုပ်ငန်းစဉ်များနှင့် ပြည်တွင်းပြည်ပက ဖိကြားသော ပွဲအခမ်းအနားကို မတက်ရောက်နိုင်သေးကြောင်း ANP ပါတီဥက္ကဌ ဦးသာထွန်းလှက ပြောသည်။
“နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် မပြုသေးတဲ့အတွက် ပြည်တွင်းပြည်ပက ဖိတ်ကြားတဲ့ ပွဲတွေကို မတက်ရောက်နိုင်သေးဘူး။ တရုတ်က ဖိတ်ကြားတဲ့ ပွဲကို ဖျက်လိုက်ရတယ်။ ပါတီတွင် နိုင်ငံရေးလှုပ်ရှားမှုတွေကိုလည်း ရပ်တန့်ထားရတယ် ” ဟု ပြောသည်။
စစ်ကောင်စီထံ မှတ်ပုံတင်ကြသည့် နိုင်ငံတစ်ဝှမ်းက နိုင်ငံရေးပါတီအချို့မှာ မှတ်ပုံတင်မရရှိသေးခြင်းမှာ UEC ဘက်က သေချာစိစစ်ရန် အချိန်ယူနေခြင်းဖြစ်ကြောင်းနှင့် အင်အားကြီး တိုင်းရင်းသားပါတီဆိုလျှင် ပိုစိစစ်သည့်သဘောရှိကြောင်း ဦးသာထွန်းလှက သုံးသပ်ထားသည်။
မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ကြသည့် ရခိုင်ပါတီများထဲမှ မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (MNDP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ (MNP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP) နှင့် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ (RSNUP) ကို UEC က မှတ်ပုံတင်ခွင့်ပြုထားကြောင်း သိရသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်နှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် (UEC)က ထုတ်ပြန်ပြီး ဥပဒေသစ်အရ ပါတီမှတ်ပုံတင်လျှောက်ထားရန် UEC က နိုင်ငံရေးပါတီများကို ဖိတ်ခေါ်ခဲ့သည်။
ရခိုင်မှ ပါတီမှတ်ပုံတင်ခွင့် ရရှိထားသည့်ပါတီ ၅ ခုမှ ခေါင်းဆောင်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ရခိုင်ပြည်တာဝန်ခံ ဦးအောင်မိုးမြင့်က ဇူလိုင်လ ၁၁ ရက်တွင် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ တွေ့ဆုံခဲ့သေးသည်။
ယင်းသို့တွေ့ဆုံရာတွင် ရခိုင်မှ မှတ်ပုံတင်ခွင့်ရသည့် ပါတီများအနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းနှင့် မပတ် သက်ကြရန် ညွှန်ကြားခဲ့သည်ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သူများက ပြောကြသည်။
မှတ်ပုံတင်ခွင့်ရရှိထားသည့် ပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ မြို့နယ် ၅ ခုတွင်ပါတီရုံးဖွင့်လှစ်ရန်နှင့် သတ်မှတ်ထားသည့် ပါတီဝင်လူအင်အားကို မှတ်ပုံတင်ခွင့်ရပြီးနောက် ရက်ပေါင်း ၉ဝ အတွင်း စည်းရုံးရန်လည်း ညွှန်ကြားခဲ့သည်။
ယခင်က ရခိုင်တွင် တရားဝင်နိုင်ငံရေးပါတီအဖြစ်တည်ရှိခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ (DNDP) တို့သည် ပါတီမှတ်ပုံတင်ခွင့် ပြန်လျှောက်ထားခြင်းမရှိခဲ့သဖြင့် စစ်ကောင်စီရွေးကောက်ပွဲဥပဒေအရ အလိုအလျောက် ပါတီအဖြစ်မှ ရပ်ဆိုင်းခံခဲ့ရသည်။
UEC ထံ ပါတီမှတ်ပုံတင်ခွင့်ကို တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီ ၆ဝ ကျော် လျှောက်ထားခဲ့ကြပြီး သတ်မှတ်ချိန် အတွင်း လျှောက်ထားခြင်းမပြုသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ပါတီ ၄ဝ ကို ဖျက်သိမ်းလိုက်ကြောင်း မတ်လ ၂၈ ရက်တွင် UEC က ထုတ်ပြန်ခဲ့သည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/764805915658837