အာဆာအဖွဲ့၏ နှိပ်စက်စစ်ဆေးရေး တာဝန်ခံကို ကော့ဘဇားတွင် ဖမ်းမိ၊ နှိပ်စက်ရေးစခန်းနေရာ ၆ ခုကို ဖွင့်ချ

By DMG / 2023 October             28

အာဆာ (ARSA) လက်နက်ကိုင်တပ်ဖွဲ့၏ နှိပ်စက်ရေးစခန်းတာဝန်ခံ တစ်ဦးနှင့် နောက်လိုက်တစ်ဦးတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတွင် ဖမ်းမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ရင်း (RAB) က အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။

အသက် ၅၀ အရွယ် အိုစမန် ခေါ် ဆာလမန်မူရာဘီကို အောက်တိုဘာလ ၂၆ ရက်နေ့ညဉ့်က ဖမ်းမိခဲ့သည်။

အိုစမန်သည် အာဆာခေါင်းဆောင်တစ်ဦး ဖြစ်သလို ထောက်လှမ်းရေးတပ်ဖွဲ့များ ညွှန်ကြားရေးမှူး (DGIF) အရာရှိတစ်ဦးကို သတ်ဖြတ်မှုသံသယဖြင့် အလိုရှိနေသူလည်း ဖြစ်ကြောင်း RAB ၏ ဥပဒေနှင့်မီဒီယာရေးရာဌာန ညွှန်ကြားရေးမှူး ခန်ဒါကာအဲလ်မွိုင်က သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားသည်။

ဒါကာထရီဗျူး၏ သီးခြားသတင်းတစ်ရပ်၌ ဖော်ပြချက်အရ ဆာလမန်သည် အာဆာအဖွဲ့က အသုံးပြုနေသည့် နှိပ်စက်ရေးစခန်း နေရာ ၆ နေရာရှိကြောင်း ဖွင့်ချခဲ့သည်ဟု သိရသည်။ အဆိုပါနေရာများ အားလုံးသည် ဒုက္ခသည်စခန်းများအတွင်းတွင် တည်ရှိနေခြင်း ဖြစ်သည်။

အာဆာအဖွဲ့သည် အဖွဲ့မှ နုတ်ထွက်လိုသူများနှင့် ဒုက္ခသည်များကို စခန်းများတွင် ဖမ်းဆီးကာ နှိပ်စက်မှုများ ပြုလုပ်လေ့ရှိသည်ဟုလည်း RAB ၏ ပြောကြားချက်အရ သိရသည်။

ဆာလမန်ထံမှ ရရှိသောသတင်းများအရ RAB-15 တပ်ဖွဲ့သည် အူခီးယာရှိ ကူတူပါလောင် ဒုက္ခသည်စခန်း အမှတ် ၄ ၏ တိုးချဲ့ဧရိယာကို ဝင်ရောက်စီးနင်းခဲ့ပြီး အာဆာနှိပ်စက်ရေးစခန်းမှ သေနတ် ၄ လက်၊ ကျည် ၉ တောင့်၊ ချွန်ထက်ပစ္စည်းများနှင့် နှိပ်စက်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်များအရ သိရသည်။

အာဆာအဖွဲ့ဝင် နောက်တစ်ဦးဖြစ်သူ အသက် ၂၄ နှစ်အရွယ် မက်ဒ်ယူနွပ်ကို ရာဂျာပါလောင်ရှိ တောင်ကုန်းတစ်ခုတွင်ရှိသော နှိပ်စက်ရေးစခန်းတစ်ခု၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ နှစ်ဦးလုံးသည် မြန်မာနိုင်ငံသားများ ဖြစ်ကြသည်ဟု မွိုင်က ပြောကြားသည်။

ဆာလမန်သည် ၎င်း၏ မိသားစုနှင့်အတူ ၂၀၁၇ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်သို့ ခိုးဝင်လာခဲ့ပြီး သိန်ခါလီရှိ ဒုက္ခသည်စခန်း အမှတ် ၁၃ တွင် နေထိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အာဆာအဖွဲ့ဝင် ဖြစ်လာခဲ့သည်ဟု RAB ၏ ပြောကြားချက်အရ သိရသည်။

ဓာတ်ပုံ – The Daily Star

https://www.facebook.com/dmgnewsagency/posts/723513276488938

Leave a Reply

Your email address will not be published.