အသက်နဲ့ရင်းပြီး ပညာရှာနေရတဲ့ စစ်ရှောင်စခန်းက အနာဂတ်မီးအိမ်ရှင်တွေ

By DMG / 2023 October             11

အဖြူရောင်အင်္ကျီနဲ့ အစိမ်းရောင် ထဘီကို ဝတ်ဆင်ထားတဲ့ အသက် (၁၈) နှစ်အရွယ် မရွှေမဖြူတစ်ယောက် ၁၀ ပေပတ်လည် အခန်းကျဉ်းလေးတစ်ခုမှာ သူရဲ့ နေ့တဓူဝအလုပ်ကို စတင်ဖို့ ပြင်ဆင်နေပါတယ်။

မရွှေမဖြူရဲ့ အလုပ်ကတော့ ကျောင်းသွားပြီး ပညာသင်ကြားရတာပါ။ ပုံမှန်ဆိုရင် ကျောင်သား/သူ အများစုဟာ သူတို့ရဲ့ဒေသက စာသင်ကျောင်းတွေကို စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပျော်ရွှင်စွာနဲ့ သွားရောက်ပညာသင်ကြားကြရပါတယ်။

ဒါပေမဲ့ မရွှေမဖြူတို့လို လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးလက်ဒေသက ကျောင်းသား/သူတွေမှာတော့ ပညာရှာဖို့ အစပျိုးတဲ့အချိန်တိုင်း စိုးရိမ်ပူပန်စိတ်တွေနဲ့ ကျောင်းတက်နေကြရပါတယ်။

အကြောင်းကတော့ နေ့စဉ်နဲ့အမျှ ရေလမ်းခရီးကို အသုံးပြုကာ စက်လှေတွေနဲ့ မြစ်၊ ချောင်းတွေကိုကူးပြီး ကျောင်းတက်နေရတဲ့အတွက် ဖြစ်ပါတယ်။

အခုလို မိုးရာသီကာလအတွင်း ရေစီးသန်တဲ့ချောင်းကို အသက်ကယ်အင်္ကျီမပါဘဲ စက်လှေငယ်လေးနဲ့ကူးဖြတ်ပြီး ကျောင်းသွားတက်ရတာဟာ အသက်အန္တရာယ်အတွက် လုံခြုံမှုမရှိသလို ခံစားရတယ်လို့ မရွှေမဖြူက ဖွင့်ဟပါတယ်။

“ဝါးတောင်ကနေ ကန်စောက်ကို လှေနဲ့ ကူးတို့ ကူးကြရတယ်။ အသက်ကယ်အင်္ကျီလည်း မရှိကြဘူး။ အသက်ကယ်အင်္ကျီလည်း မရှိတော့ လှေမြုပ်မှာကို တော်တော်လည်းကို စိုးရိမ်မှုရှိတယ်” လို့ သူကပြောပါတယ်။

မရွှေမဖြူဟာ ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေတဲ့ Gread-11 ကျောင်းသူတစ်ဦးပါ။ သူမမှာ မိသားစု (၉) ဦးရှိပြီး ယိုးချောင်းအထက်ပိုင်းဒေသမှာရှိတဲ့ ကင်ဘိကျေးရွာက မြိုတိုင်းရင်းသူတစ်ဦးလည်း ဖြစ်ပါတယ်။

ယိုးချောင်းဒေသမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ လကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေ ကြောင့် မရွှေမဖြူဟာ မိသားစုနဲ့အတူ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

စစ်ဘေးတိမ်းရှောင်လာချိန်က မရွှေမဖြူဟာ Gread-6 ကျောင်းသူသာ ရှိသေးပါတယ်။ လက်ရှိမှာတော့ စစ်ဘေးရှောင်စခန်းမှာ‌ နေထိုင်ပြီး ပညာသင်ကြားနေရတာဟာ ငါးနှစ်ကြာထိ ရှိလာပြီဖြစ်ပါတယ်။

သူမ နေထိုင်နေတဲ့ ဝါးတောင်ကျေးရွာမှာ အခြေခံပညာမူလတန်းစာသင်ကျောင်းသာရှိပါတယ်။ ဒါကြောင့် မရွှေမဖြူ အပါအဝင် အဲဒီ ကျေးရွာက အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား/သူ လူဦးရေ ၁၀၀ လောက်ဟာ နေ့စဉ်နေ့တိုင်း စက်လှေတွေနဲ့ ယိုးချောင်းကိုဖြတ်ပြီး ကန်စောက်ကျေးရွာက အထက်တန်းစာသင်ကျောင်းမှာ ပညာသွားသင်နေရတာဖြစ်ပါတယ်။

အဲဒီလို ချောင်းကူးမြစ်ကူးပြီး ပညာသင်ကြားနေရတဲ့ကလေးငယ်အတွက် စိုးရိမ်ပူပန်မှုဟာ မိဘတိုင်းမှာလည်း တည်ရှိနေ ပါတယ်။ မိုးများတဲ့နေ့တွေမှာဆိုရင် သား/သမီးတွေကို ကျောင်းမသွားခိုင်းတာတွေရှိကြတယ်လို့ ဝါးတောင်စစ်ဘေးရှောင် စခန်းက ကျောင်းသားမိဘတွေက ပြောဆိုကြပါတယ်။

“အသက်ကယ်အင်္ကျီလည်း မရှိကြဘူးဆိုတော့ မိဘတွေက သူတို့တွေ အိမ်ပြန်ရောက်မှပဲ စိတ်အေးကြရတယ်။ တစ်နေ့လုံး စိုးရိမ်စိတ်တွေနဲ့ စောင့်ကြည့်နေရတယ်” လို့ ဝါးတောင်စစ်ဘေးရှောင်စခန်းက ကျောင်းသားမိဘ ဦးဝင်းမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်က ဝါးတောင်ကျေးရွာက ကျောင်းသား/သူတွေ လိုက်ပါလာတဲ့ ကူးတို့စက်လှေတစ်စီးဟာ ခရီးသည်တင် စက်လှေတစ်စီးနဲ့ တိုက်မိပြီး စက်လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့ ကမ်းစပ်နားမှာဖြစ်တဲ့အတွက် အသက်အန္တရာယ် တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ရခိုင်ဒေသမှာ မြစ်၊ ချောင်းတွေပေါများတဲ့အတွက် ကျေးလက်ဒေသက ကျောင်းသား/သူတွေဟာ စက်လှေတွေစီးပြီး၊ ချောင်းကူး မြစ်ကူးပြီး ပညာသင်ကြားနေရတာပါ။ ဒါကြောင့် မြစ်၊ချောင်းတွေမှာ စက်လှေနစ်မြုပ်ပြီး သေဆုံးမှု ဖြစ်စဉ်တွေလည်း ရှိပါတယ်။

အဲဒီလို အသက်နဲ့ရင်းပြီး ပညာရှာနေရကြတဲ့ ကျောင်းသား/သူတွေထဲမှာ အပါအဝင်ဖြစ်တဲ့ စစ်ဘေးရှောင် မရွှေမဖြူရဲ့ အခက်အခဲက ဒီလောက်နဲ့ မပြီးသေးပါဘူး။

စစ်ဘေးရှောင်ဘဝနဲ့ ပညာရှာနေရတဲ့ သူမအတွက် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့အတူ လိုအပ်ချက် အများအပြားရှိနေပါတယ်။

မိသားစုစားဝတ်နေရေးကို အဓိကဖြေရှင်းပေးနေတဲ့ အဖေဖြစ်သူ ကွန်လွန်သွားပြီးနောက်မှာတော့ မရွှေမဖြူတို့ မိသားစုဟာ လောကဓံရဲ့ ရိုက်ခတ်မှုဒဏ်ကို ခါးသီးစွာခံစားကြရပါတယ်။

“အဖေရှိတုန်းကဆိုရင် စာအုပ်စာတန်းတွေလည်း ဝယ်ရတာ အဆင်ပြေတယ်။ အခုက အဆင်မပြေတော့ဘူး။ အမေကလည်း အလုပ်မလုပ်နိုင်တော့ဘူး။ ကျူရှင်လခတွေကလည်း အဆင်မပြေရင် မပေးနိုင်ဘူး။ ပြေရင်တော့ ပေးတယ်။ ညနေ စာဖတ်ဖို့ အတွက်လည်း မီးမရှိလို့ မီးကို ဘကြီးအိမ်က ယူပြီးဖတ်ရတယ်။ အခက်အခဲတွေက တော်တော်လည်းကိုရှိတယ်” လို့ ကျောင်းသူ မရွှေမဖြူက ပြောပါတယ်။

မရွှေမဖြူရဲ့ အဖေဖြစ်သူဟာ စစ်ဘေးရှောင်နေရင်း ၂၀၂၃ ခုနှစ်၊ မေလအတွင်းမှာ ကျောက်ကပ်ကင်ဆာနဲ့ သေဆုံးသွားခဲ့ ပါတယ်။ အဲဒီနောက်မှာတော့ သား/သမီးတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစတာတွေကို အသက် ၅၂ နှစ်ကျော် အရွယ် အမေဖြစ်သူကပဲ ဦးဆောင်ပြီး ဖြေရှင်းပေးနေတာဖြစ်ပါတယ်။

မိသားစု စားဝတ်နေရေးနဲ့ သားသမီးတွေရဲ့ ပညာရေးအတွက်ကို တစ်ဦးတည်း ရုန်းကန်ပြီး ဖြေရှင်းပေးနေရတဲ့ မုဆိုးမ တစ်ဦးအတွက် အခက်အခဲတွေများစွာရှိတယ်လို့ ရွှေမဖြူရဲ့ အမေဖြစ်သူ ဒေါ်မနုချေက ပြောပါတယ်။

“ အခုစားဝတ်နေရေးက ကယ်ဆယ်ရေး ထောက်ပံ့မှုတွေနဲ့ စားကြတယ်။ အခုက အသက်လည်း ကြီးလာပြီ။ ဘာမှ မလုပ် နိုင်တော့ဘူး” လို့ သူက ပြောပါတယ်။

လက်ရှိမှာ ဒေသတည်ငြိမ် အေးချမ်းနေပေမဲ့ ယိုးချောင်းအထက်ပိုင်းက ရခိုင်မျိုးနွယ်စုဝင်ဖြစ်တဲ့ မြိုတိုင်းရင်းသား စစ်ဘေးရှောင် လူဦးရေ နှစ်ထောင်လောက်ဟာ ငါးနှစ်ကြာအထိ နေရပ်မပြန်နိုင်ဘဲ ရှိနေတာဖြစ်ပါတယ်။ သူတို့တွေမှာ WFP က ထောက်ပံ့တဲ့ လူတစ်ဦးကို ငွေသုံးသောင်းကျပ် အကူအညီသာရရှိကြပြီး ကြုံရာကျပန်းလုပ်ကိုင်ကာ နေထိုင်နေကြတာပါ။

နေရပ်ကိုပြန်လို့ရနိုင်တဲ့ အခြေအနေမှာရှိနေပေမဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍာတွေမှာ အခုအချိန်ထိ တိုးတက်မှုမရှိတဲ့ ဒေသကို မပြန်ချင်ကြဘူးလို့ စစ်ဘေးရှောင်တွေက ပြောဆိုကြပါတယ်။

ဒါကြောင့် ပညာရေး၊ ကျန်းမာရေးအရအဆင်ပြေတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံပြီး နေထိုင်နေကြတာဖြစ်ပါတယ်။

မရွှေမဖြူ ခိုလှုံနေတဲ့ ဝါးတောင်စစ်ဘေးရှောင်စခန်းမှာ ကျောင်းသား/သူ တစ်ရာကျော်ရှိပြီး အဲဒီအထဲက ကျောင်းသား/သူ ၅၀ လောက်မှာ ယိုးချောင်းကို ဖြတ်ပြီး စက်လှေတွေနဲ့ သွားရောက် ကျောင်းတက်နေကြရတာဖြစ်ပါတယ်။

စစ်ဘေးရှောင်စခန်းကနေ ခက်ခဲကြမ်းတမ်းစွာနဲ့ ပညာသင်ကြားနေရတဲ့ စစ်ဘေးရှောင်ကျောင်းသူ မရွှေမဖြူရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကတော့ နိမ့်ကျနေတဲ့ သူမရဲ့ ယိုးချောင်းဒေသ ပညာရေးကို မြင့်တင်နိုင်ဖို့အတွက် ကျောင်းဆရာမတစ်ဦးဖြစ်ချင်တယ်လို့ ပြောပါတယ်။

“ဆရာမတစ်ယောက်ဖြစ်ချင်တယ်။ မိဘကို အလုပ်အကျွေးပြုပေးချင်တယ်။ ညီမလေးတွေကိုလည်း ပညာတတ်တွေ ဖြစ်စေချင်တယ်။ ကိုယ်ရပ်ရွာက ကလေးတွေကိုလည်း ပညာတတ်တွေ ဖြစ်စေချင်တယ်” လို့ ကျောင်းသူ မရွှေမဖြူက ပြောပါတယ်။

အခုအချိန်မှာတော့ စစ်ဘေးရှောင် ကျောင်းသူ မရွှေမဖြူတစ်ယောက် သူမရဲ့ ရည်မှန်းချက်ပန်တိုင်းဆီရောက်ဖို့အတွက် ကူးတို့ စက်လှေနဲ့ နေ့ဓူဝ ချောင်းကူးကာ အသက်ကိုရင်းပြီး ပညာရှာနေရအုံးမှာ ဖြစ်ပါတယ်။

အောင်သူရ – ရေးသည်

https://www.facebook.com/dmgnewsagency/posts/713146014192331

Leave a Reply

Your email address will not be published.