By Narinjara / 2023 October 19

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြို့လယ်ချောင်းတွင် အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်မှုများ ရှိနေဆဲဖြစ်၍ ရေစီးရေလာမကောင်းဖြစ်နေသဖြင့် အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး အထူးအစီအစဉ် ချမှတ်ရန်လိုအပ်နေကြောင်း စစ်တွေ မြို့ခံများက ပြောသည်။
အမှိုက်များကို ချောင်းအနီးနေထိုင်သူ စစ်တွေမြို့နေ ပြည်သူများက စည်းကမ်းမဲ့ စွန့်ပစ်နေခြင်း တို့ကြောင့် မြို့လယ်ချောင်းတွင် အမှိုက်များ မြင်မကောင်းအောင် ပြည့်နှက်နေပြီး မြို့သန့်ရှင်းရေးကို ထိခိုက်နေကာ ချောင်းမှာလည်း တဖြည်းဖြည်း ကျဉ်းမြောင်းတိမ်ကောလာနေသည်ဟု စစ်တွေမြို့မိမြို့ဖ တစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။
အဆိုပါမြို့လယ်ချောင်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ပြန်လည် တူးဖော်မည်ဟု ရခိုင်ပြည်နယ်စည်ပင်သာယာအဖွဲ့က ပြောခဲ့သော်လည်း ယနေ့အချိန်ထိ တူးဖော်ပေးခြင်းမရှိသေးသလို တစ်ခြားတစ်ဘက်တွင်လည်း လူများအမှိုက်များကို စနစ်တကျစွန့်ပစ်ရေး အသိပညာပေးမှု အားနည်းခြင်းနှင့် အမှိုက်များသိမ်းဆည်းမှု အားနည်းနေခြင်းတို့ ကြောင့် ယခုကဲ့သို့ မြို့လယ်ချောင်းတွင် အမှိုက်များပြည့်နှက်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“မနှစ်ကတူးတာလည်း မတွေ့ပါဘူး။ လုပ်ရင်တောင် ဟန်ပြပါပဲ။ တူးရင်တောင် ချောင်းဖျားနားကပဲ သွားတူးတာ။ တစ်နှစ်မှာတစ်ခါတောင် ပုံမှန်မတူးဘူး။ ဘတ်ဂျက်ကရှိပြီးသားလို့ကြားတယ်။ တစ်နှစ်မှာ သုံးကြိမ်လောက် တူးသင့်တယ်”ဟုပြောသည်။
စစ်တွေမြို့လယ်ချောင်းမှာ မြို့အလယ်ကို ဖြတ်သန်း စီးဆင်းနေသည့် ချောင်းဖြစ်သဖြင့် မြို့၏ သန့်ရှင်းလှပမှုနှင့် တိုက်ရိုက်သက်ဆိုင်နေသဖြင့် စနစ်တကျ ပြန်လည်တူးဖော်ပြီး ချောင်းမှထွက်ရှိသည့်အမှိုက်ကိုလည်း စနစ်တကျ တူးဖော်သိမ်းဆည်းရန် လိုအပ်နေသည်ဟု နိရဥ္စရာကို ပြောသည်။
“အဓိကပြောမယ်ဆိုရင် ခေတ်အဆက်ဆက်အစိုးရက မြောင်းတောင် မတူးတတ်ဘူး။ စည်ပင်ကကြီးကြီးကျယ်ကျယ် ဘာမှမဟုတ်ဘူး။ မြောင်းတစ်ခုတူးပေးပြီး အမှိုက်တစ်ခု ရှင်းအောင်လုပ်ပေးနိုင်ရင်တောင် မြို့ရွာဒေသ မနည်းသန့်ရှင်းသွားမယ်”ဟု ပြောသည်။
စစ်တွေမြို့လယ်ချောင်းသည် မြို့၏အရှေ့ဘက်ခြမ်းရှိ ကုလားတန်မြစ်မှ စီးဝင်ကာ မြို့တွင်းကိုဖြတ်ကျော်၍ မြို့တွင်းရပ်ကွက်တစ်ခုဖြစ်သည့် အောင်မင်္ဂလာရပ်ကွက် (အင်ဘာလာရပ်ကွက်)အထိ စီးဆင်းနေသည့် ချောင်းငယ်တစ်ခုဖြစ်သည်။
အရှည် ၁ မိုင်ကျော်ခန့်ရှည်လျားပြီး စစ်တွေမြို့တွင်းမှ ရေထွက်ပေါက်တစ်ခု ဖြစ်သည်ဟုလည်း သိရသည်။
အဆိုပါချောင်းကို ရခိုင်ပြည်နယ်အစိုးရက ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လအတွင်း တူးဖော်ခဲ့ရာ ချောင်းတစ်လျှောက်ရှိ လူနေအိမ် ၂ဝဝ ကျော်၏ နောက်ဖေးခြံ မြေများနှင့်လွတ်ကင်းမှုမရှိ၍ဟုဆိုကာ လုပ်ငန်းများရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ချောင်းအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် ရေစီးရေလာ မကောင်းဖြစ်နေ၍ နှစ်စဉ်မိုးရာသီကျရောက်လျှင် မြို့တွင်းမှစီးဆင်းရမည့်ရေများမှာ မြို့လယ်ချောင်း အတိုင်းစီးဆင်းခြင်း မရှိတော့ဘဲ မြို့တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပွားတတ်သည်ဟုလည်း မြို့ခံများက ဆိုသည်။
ယမန်နေ့ အောက်တိုဘာ ၁၇ ရက်၊ နံနက်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်တကွ သယံဇာတဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စည်ပင်နှင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက မြို့လယ်ချောင်းကို လာရောက်ကြည့်ရှုမှုများရှိခဲ့သော်လည်း မည်သည့်အစီအစဉ်များ ရှိသည်ဆိုသည်ကို မသိရဟု မျက်မြင်မြို့ခံတစ်ဦးက နိရဥ္စရာကို ပြောသည်။
အဆိုပါမြို့လယ်ချောင်းအား ပြန်လည်တူးဖော်ရန်အစီအစဉ်ရှိ/မရှိကိစ္စနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေမှုတို့နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စည်ပင်အဖွဲ့ကိုနိရဥ္စရာက ဖုန်းဆက်ဆက်သွယ်ခဲ့ရာ မြို့နယ်စည်ပင်ကိုသာ မေးပါဟု ဖြေဆိုခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စည်ပင်အဖွဲ့ကိုဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
စစ်တွေမြို့လယ်ချောင်းအတွင်းသို့ ၁၉၉ဝ ပြည့်နှစ်မတိုင်မီက မော်တော်ဘုတ်များနှင့် စပါးရောင်းဝယ်သည့် သမ္ဗာန်များ ဝင်ရောက်သွားလာနိုင်သည်အထိ ကျယ်ဝန်းနက်ရှိုင်းခဲ့သည်ဟုလည်း သိရသည်။ (NN-11)
https://www.facebook.com/narinjara.info/posts/725334282967037