အမ်းတွင် ပုဇွန်မွေးမြူရေးကန် ရေဝင်ပေါက်ကို ဖာထေးရန်ကြိုးစားသည့် အလုပ်သမားလူငယ် ရေနစ်သေဆုံး

By Narinjara / 2023 October     10

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပုစွန်မွေးမြူရေးကန်(ပုစွန်ကာရီ)အလုပ်သမားလူငယ်တစ်ဦးသည် ယနေ့ အောက်တိုဘာလ ၁၀ ရက်၊ နေ့လယ်က ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ရေနစ်သေဆုံးသွားသူမှာ မြေပုံမြို့နယ်၊ ကောက်ကွေကျေးရွာမှ ကိုရဲလင်းကို (၃၀)နှစ်ဖြစ်ပြီး အမ်းမြို့နယ်၊ ရီဘုတ်ကျေးရွာအုပ်စု၊ ငရစ်ချောင်းပုစွန်မွေးမြူရေးကန်မှ အလုပ်သမားတစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါပုစွန်ကန်တွင် ဆည်ဘောင်ပေါက်၍ ရေဝင်နေသည့်ပြွန်ခေါင်းကို ယနေ့နေ့လယ် ၁ နာရီခန့်က ဖာထေးရန်ကြိုးစားစဉ် ရေစီးဖြင့် ပြွန်ခေါင်းထဲဝင်ရောက်ကာ ရေနစ်သေဆုံးသွားခြင်းဖြစ်ကြောင်း ပုစွန်မွေးမြူရေးကန်လုပ်သား အမျိုးသမီးတစ်ဦးက ပြောသည်။

“ပုစွန်ကာရီ အပေါက်ပေါက်တာကို ကောက်ရိုးတွေ၊ ရွှံ့တွေနဲ့ပြန်ပိတ်ဖို့လုပ်တာမှာ လူက ရေစီးနဲ့ အဲဒီပြွန်ခေါင်းထဲဝင်ပါသွားတာပါ” ဟု ပြောသည်။

ယနေ့ ညနေ ၅ နာရီအထိ သူ၏အလောင်းကို ပြွန်ခေါင်းထဲမှရှာဖွေဆည်ယူနိင်ရန် ကြိုးစားနေကြဆဲဖြစ်ကြောင်း သူမက ပြောသည်။

ကိုရဲလင်းကိုသည် အဆိုပါပုစွန်ကန်တွင် ဇနီးဖြစ်သူနှင့်အတူနေထိုင်ကာ လခစားအလုပ်သမားအဖြစ်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၇ ရက် မနက်ပိုင်းကလည်း ဂွမြို့၊ ကမ်းခြေဦးတွင် ကမ်းဆွဲပိုက်လှေလုပ်သား မသန်စွမ်းလူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့သည်။

https://www.facebook.com/narinjara.info/posts/719742823526183

Leave a Reply

Your email address will not be published.