By Western News / 2023 October 26
ရခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ အထင်ကရဘုရားတစ်ဆူဖြစ်သည့် ကျောက်တော်တောင်ဘုရားတွင် ဘုရားဖူးခရီးသည်များ အဆင်ပြေစေရန်အတွက် ဓာတ်လှေကားတပ်ဆင်မည့်အစီစဉ်မှာ ငွေအင်အားနည်းပါး နေမှုကြောင့် မဖြစ်မြောက်နိုင်သေးဟု ကျောက်တော်တောင် ဂေါပကအဖွဲ့မှ ပြောသည်။
ကျောက်တော်တောင်မှာ အမြင့်ပေ ၄၀၀ ခန့်မြင့်မားသည့်အတွက် တောင်ပေါ်တွင် တည်ထားသည့် စေတီဘုရား များကို ဖူးမြော်နိုင်ရန် ခြေလျှင်တက်၍ ဖူးမြော်ကြရလေ့ရှိပြီး သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအတွက်မူ အခက်ခဲတစ်ခုဖြစ်နေခြင်းဖြစ်သည်။
ထိုသို့သောအခြေနေကြောင့် ကျော်တော်တောင်ပေါ်သို့ အလွယ်တကူတက်ရောက်နိုင်ဖို့ ဓာတ်လှေကားတစ်ခု ပြုလုပ်ရန်စီစဉ်ခဲ့ခြင်းဖြစ်ပြီး ငွေကြေးအင်အားနည်းပါးနေသေးခြင်းကြောင့် မဖြစ်ပေါ်နိုင်သေးခြင်းဖြစ်သည်ဟု ကျောက်တော် တောင် ဂေါပကအဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်ထွေးစိန်ကပြောသည်။
“ဒါက သိန်းကို သောင်းချီပြီး ကုန်ကျမယ့် လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် ချက်ချင်းကြီးတော့ မဖြစ်နိုင်သေးဘူးပေါ့နော်။ လက်ရှိအလှူငွေက သိန်း ၅၀၀ လောက်ပဲရသေးတယ်။ လတ်တလောမှာ ဘုရားထီးတော်တင်ပွဲ တစ်ခုရှိနေတယ်။ အဲ့ဒါပြီးရင်တော့ ဓာတ်လှေကားကိစ္စကို ထပ်ဆွေးနွေးဖို့တော့ရှိပါတယ်” ဟုပြောသည်။
လက်ရှိ ဓာတ်လှေကားပြုလုပ်မည့် ကုန်ကျငွေကို စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် အများပြည်သူများမှ ထည့်ဝင်ကြသည့် အလှူငွေများဖြင့် ပြုလုပ်ရန်စီစဉ်ထားခြင်းဖြစ်ပြီး အစိုးရဖက်ကိုမူ တင်ပြထားခြင်းမရှိသေးဟု ဂေါပကမှ ဆက်ပြောသည်။
ကျော်တော်တောင်တွင် ဓာတ်လှေကားပြုလုပ်ရန်စီစဉ်နေခြင်းအပေါ် ကျော်တော်တောင်အနီးတွင် စျေးဆိုင် ရောင်းချနေသူတစ်ဦး ယခုကဲ့သို့ဆိုသည်။
“ဒီကျောက်တော်တောင်ဘုရားက သမိုင်းဝင်ဘုရားတစ်ဆူလည်းဖြစ်တာကြောင့် ရခိုင်ပြည်အနှံ့ကလူတွေအပြင် တစ်ခြားဘုရားဖူးတွေ တော်တော်များများရောက်ကြတယ်။ တောင်ကမြင့်တယ်။ မတ်တယ်လေ။ ဒါကြောင့် တစ်ချို့ ဘုရားဖူးလာသူတွေ အသက်ကြီးသူတွေဆိုတောင်အပေါ်ထိ တက်မဖူးခဲ့နိုင်ကြဘူး။ ဒီတော့ ဘာပဲပြောပြော ဒီဓာတ်လှေကားကြီးသာဖြစ်မြောက်သွားရင် ဘုရားဖူးခရီးသည်တွေအတွက် ပိုအဆင်ပြေ သွားနိုင်တယ်” ဟုပြောသည်။
ရခိုင်တွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဦးရာဇ်တော်စေတီတည်ထားရာ တောင်ကိုလည်း ၂၀၁၆ ခုနှစ်က ဓာတ်လှေကားတပ်ဆင်မှုရှိခဲ့ပြီး လက်ရှိတွင် ခရီးသွားပြည်သူအများစု အသုံးပြုတက်ရောက်လျှက်ရှိကြသည်။
ကျောက်တော်တောင်သည် ရခိုင်သမိုင်းရာဇဝင်များတွင် သေလာဂီရိမောရပဗ္ဗတ တောင်ဟု ထည့်သွင်းဖော်ပြကြပြီး ဓညဝတီ ရခိုင်ပြည်ကြီးသို့ ဘုရားရှင် ဒေသစာရီကြွချီတော်မူစဉ်က ဆင်းသက်မှုရှိခဲ့သည့် တောင်တစ်ခုအဖြစ် ဖော်ပြကြသည်။
ကျောက်တော်တော်ပေါ်တွင်တည်ထားသည့် စေတီမှာ ဗုဒ္ဓဘုရားရှင်၏ ကျောရိုးတော်ဓာတ်ကို ဌာပနာ၍ တည်ထားကိုးကွယ်ထားသည့် စေတီတစ်ဆူအဖြစ် လည်းကောင်း ယုံကြည်မှုရှိကြပြီး ရခိုင်သမိုင်းရာဇဝင်များတွင် ဖော်ပြထားသည်ကို တွေ့ ရှိ ရသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/770573865082042