အဆိုတော်ရီလှိုင်းပြာ၏ တစ်ကိုယ်တော် FORMATION တေးစီးရီးမိတ်ဆက်ပွဲ ကျင်းပ

By Narinjara / 2023 October     22

ရခိုင်အဆိုတော် ရီလှိုင်းပြာ၏ ပထမဆုံး တစ်ကိုယ်တော် FORMATION တေးစီးရီးစာနယ်ဇင်း မိတ်ဆက်ပေးပွဲကို စစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက်ရှိ ရွှေရိုးရာစားသောက်ဆိုင်တွင် ယနေ့ အောက်တိုဘာ ၂၂ ရက်၊ နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။

အဆိုတော်ရီလှိုင်းပြာက “ဒီပွဲလေးလုပ်ရတဲ့အကြောင်းရင်းကတော့ တစ်ကိုယ်တော်တေးစီးရီးထုတ်ရင် အစဥ်အလာအတိုင်း တေးစီးရီးစာနယ်ဇင်း မိတ်ဆက်ပွဲ လုပ်ရတယ်။ ပြီးရင် ကျွန်မက ကိုယ့်ရခိုင်ပြည်ရဲ့ အနုပညာတစ်ခုကို ပရိသတ်တွေဆီ တန်ဖိုးရှိရှိနဲ့ ချပြချင်လို့ ဒီစီးရီးကို ထုတ်ဖြစ်တာပါ” ဟုပြောသည်။

ယင်းစီးရီးတွင် အပြုံးမပျက်၊ နတ်သျှင်မေတမ်းချင်း၊ ဆောင်ဒဏ္ဍာရီ၊ အရောင်ပြယ်လမ်းစ၊ အန္တိမနှုတ်ဆက်ခြင်းနှင့် တဖြတ်ဖြတ် စသည့်သီချင်း ၆ ပုဒ်ပါဝင်ပြီး Slow rock၊ Modern rock၊ Pop၊ Jazz၊ Latin သီချင်းအမျိုးအစားများ ဖြစ်သည်ဟု ဆိုသည်။

တေးရေးဆရာ ထက်အောင်ကျော်၊ ညီခိုင်သွီး၊ ရဲမြတ်ကျော်၊ သားငယ်တို့က ပါဝင်ရေးသားထားသည်ဟုလည်း သိရသည်။

တေးရေးဆရာ ညီခိုင်သွီးက “အဓိက ရခိုင်ရှင်ဘုရင်၏ မိဖုရားတပါး၏ သမိုင်းအကြောင်းကို အဲ့ဒီမိဖုရားနေရာက ခံစားပြီးရေးထားတယ်။ အချစ်ရမ္မက်ကြောင့် နောက်ဆုံးမှာ အဲ့ဒီမိဖုရားက နောင်တရသွားတာတွေပေါ့။ ရာဇဝင်အကြောင်းဆိုတော့ ပရိသတ်တွေကို အကောင်းဆုံးချပြချင်လို့ စိန်ခေါ်မှုအများကြီးနဲ့ ရေးထားပါတယ်” ဟုပြောသည်။

အဆိုပါတေးစီးရီးကို လာမည့် နိုဝင်ဘာ ၁၂ ရက်၊ နေ့လယ် ၂ နာရီမှ ညနေ ၆ နာရီအထိ စစ်တွေရှိ BOS (Bay of Sittwe) Restaurant & Bar တွင် လက်မှတ် ရေးထိုးပွဲပြုလုပ်ကာ ဖြန့်ချိသွားမည်ဖြစ်သလို ၎င်းပွဲတွင်ဖိတ်ကြားထားသည့် အဆိုများကလည်း တေးသီချင်းများဖြင့် ဖျော်ဖြေသွားမည်ဟု သိရသည်။

တေးစီးရီးဖြန့်ချိရာတွင် USB မန်မိုရီကဒ်ပေါင်း ၈၀၀ နှင့် DVD ခွေတို့ကို အကန့်အသတ်ဖြင့်သာရောင်းချသွားမည်ဖြစ်ပြီး USB ကဒ် တစ်ခုကို ၁၅၀၀၀ ကျပ်နှင့် DVD တစ်ခွေလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချသွားမည်ဟု သိရသည်။

ရခိုင်ပြည်တွင် ဂီတစီးပွားရေးများ ပျက်စီးသွားသည့်ကာလတွင် ရီလှိုင်းပြာ၏ တစ်ကိုယ်တော်တေးစီးရီးထွက်ခြင်းကြောင့် အံ့ဩမှင်သက်ကာ ချီးကျူးမိသည်ဟု အဆိုတော်တူတူ (Mega music production)က နိရဥ္စရာကို ပြောသည်။

“ရခိုင်ပြည်မှာ ဂီတစီးပွားက ပျက်သွားပြီ။ ဘယ်သူမှ မထုတ်ရဲတဲ့အချိန်မှာ ရီလှိုင်းပြာ စီးရီးထုတ်လိုက်တော့ အံ့ဩမိတယ်။ ဝမ်းသာတယ်။ ချီးလည်းချီးကျူးမိတယ်။ နောက်တစ်ခုက အဆိုတော်တွေလည်း ကောင်းမွန်တဲ့ သီချင်းတွေထုတ်ဖို့ လိုအပ်သလို ပရိသတ်တွေကလည်း အားပေးဖို့လိုပါတယ်။ ဒါမှသာ ဆိုတဲ့သူတွေကလည်း ကောင်းမွန်တဲ့သီချင်းတွေ ထပ်ထုတ်နိုင်မှာ ဖြစ်လို့ပါ” ဟုပြောသည်။

အဆိုပါတေးစီးရီးမိတ်ဆက်ပွဲကို အနုပညာအလွှာပေါင်းစုံမှ အနုပညာမောင်နှမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် စာနယ်ဇင်းအသီးသီးမှ စုစုပေါင်းလူဦးရေ ၆၀ ခန့်တက်ရောက်ခဲ့ကြသည်။ (NN -13, 12)

ယခုသတင်းအား အောက်ပါလင့်တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်>>>

https://www.facebook.com/narinjara.info/posts/727215186112280

Leave a Reply

Your email address will not be published.