(ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူများအနက် ၁ ဦးသာ စစ်ဆေးရသေးဟုဆို)
By Narinjara / 2023 October 12

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက်(၁၃) ရထားလမ်းဘေးတွင် ပြီးခဲ့သည့် မတ်လအတွင်းက အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် ၁၁ နှစ်အရွယ် မသန္တာဝင်းအမှုကို ၈ လကြာသည်အထိ တရားရုံးဘက်ကအကြောင်းအမျိုးမျိုးပြကာ မစစ်ဆေးဘဲထား၍ အမှုမှာ မကြန့်ကြာသင့်ဘဲ ကြန့်ကြာနေကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်က အဆိုပါအမှုကို ရုံးထုတ်ခဲ့သော်လည်း ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူဘက်မှ ရှေ့နေမရောက်ခြင်း၊ လျှပ်စစ်မီးပြတ်တောက်ခြင်းတို့ကြောင့်မစစ်ဆေးဘဲ ရုံးချိန်းပြန်ပေးလိုက်ကြောင်း တရားလိုမိသားစုဘက်မှ ကူညီပေးနေသည့် ရခိုင့်အလင်းတံခါးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က နိရဥ္စရာသို့ပြောသည်။
“အကြီးတစ်ယောက်ကိုတော့ စစ်ပြီးပါပြီ။ သူ့ဘက်က တရားခံပြသက်သေတွေရောပဲ။ ဒါပေမယ့် အသက်မပြည့်သေးဘူးဆိုတဲ့ တရားခံကိုတော့ သူတို့က ရုံးချိန်းတင်လိုက်တယ်။ တင်လိုက်ပြီးတော့ ရှေ့နေမငှားရသေးဘူးဆိုပြီးတော့ သွားနေတာ တစ်လနှစ်လရှိပြီ။ နောက်ပိုင်းမှာ ရှေ့နေငှားပြီးတော့လည်း ရှေ့နေနေမကောင်းလို့၊ ခဏနေရင်တရားရုံးမှာ လျှပ်စစ်မီးမရလို့မစစ်ပြန်ဘူး။ တရားရုံးတစ်ခုမှာမီးမရလို့ မစစ်ဘူး။ ရှေ့နေမရောက်လို့မစစ်ဘူးဆိုရင် တရားလိုမိသားစုဘက်က နစ်နာမှုရှိတယ်” ဟု ပြောသည်။
အဆိုပါအမှုတွင် လက်ရှိအချိန်ထိ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ ခိုင်ကျော်လင်း(၂၅)နှစ်နှင့် ၄င်းဘက်မှတရားခံပြသက်သေများ၊ တရားလို ပြသက်သေ ၁၅ ဦးထဲမှ ၂ ဦးသာစစ်ဆေးရသေးကြောင်း ဒေါ်ကျော့စိန်က ပြောသည်။
“တရားလိုပြသက်သေ ၁၅ ဦးမှာလည်း ၂ ဦးပဲစစ်ရသေးတယ်။ တရားခံတစ်ဦးနဲ့ သူ့ဘက်ကသက်သေတွေကိုလည်း စစ်ရဦးမယ်။ အခုလို အကြောင်းအမျိုးမျိုးပြပြီးကြန့်ကြာနေတော့ တရားလိုဘက်ကသက်သေစရိတ်တွေ၊ရုံးချိန်းလာတဲ့စရိတ်တွေအတွက် နစ်နာမှုရှိနေတယ်။ သူတို့လည်း တစ်နေ့လုပ်တစ်နေ့စားတွေလေ” ဟု ပြောသည်။
နောက်ထပ်သံသယရှိသူတစ်ဦးဖြစ်သည့် ကိုအောင်ခန့်ဇော်(၂၀)နှစ်ကိုမူ ရုံးချိန်းများတွင် တရားခံသက်သေမရောက်ရှိခြင်း၊ လျှပ်စစ်မီးမရရှိခြင်းတို့ကြောင့် မစစ်ဆေးရဘဲရှိနေသေးကြောင်း သိရသည်။
သံသယရှိသူနှစ်ဦးမှာ စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက်(၁၅)မှဖြစ်ပြီး အသတ်ခံလိုက်ရသည့် မသန္တာဝင်းနှင့် တစ်ရပ်ကွက်တည်းနေ အိမ်နီးချင်းများဖြစ်ကြသည်ဟု သိရသည်။
မသန္တာဝင်းသည် အကြမ်းဖက်သတ်ဖြတ်ခံထားရပြီး သတိလစ်မေ့မြောနေသည်ကို ပြီးခဲ့သည့်မတ်လ ၁၆ ရက်၊ မနက်ပိုင်းက မင်းဂံအကွက်၊ (၁၃) ရထားလမ်းဘေးရှိ ရေနုတ်မြောင်းတစ်ခုအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သူမကို တွေ့ရှိချိန်တွင် မျက်နှာနှင့်ဦးခေါင်းတို့တွင် ရိုက်နှက်ထုထောင်းခံထားရသည့် ညိုမဲပေါက်ပြဲဒဏ်ရာများရရှိထားပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း အဝတ်ဗလာနှင့်ဖြစ်ကြောင်း ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် တရပ်ကွက်တည်းနေအမျိုးသမီးတစ်ဦးက နိရဥ္စရာသို့ပြောဆိုထားသည်။
မသန္တာဝင်းကို စစ်တွေဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ကုသခဲ့သော်လည်း မတ် ၁၇ ရက်၊ နေ့လယ် ၂ နာရီခန့်တွင် အသက်သေဆုံးခဲ့သည်။
အဆိုပါအမှုတွင် သံသယရှိသူ ကိုခိုင်ကျော်လင်းနှင့် ကိုအောင်ခန့်ဇော်တို့နှစ်ဦးမှာ မသန္တာဝင်းအား မတ်လ ၁၅ ရက်၊ ညနေ ၇ နာရီခန့်က ခေါ်ဆောင်သွားသည်ကို မြင်တွေ့ခဲ့ကြောင်း တရပ်ကွက်တည်းနေသူများက နိရဥ္စရာသတင်းဌာနသို့ပြောဆိုသည်။
မသန္တာဝင်းအမှုမှာ ဆေးစစ်ချက်အရ သက်ငယ်မုဒိမ်းမှုဖြစ်သည့်အပြင် ဓမ္မတာနှင့်မလျော်ညီသည့် ကျူးလွန်မှုများလည်းပါနေသည်ကို ရဲစခန်းမှူးတစ်ဦးထံမှစုံစမ်းသိရှိထားရကြောင်း မသန္တာဝင်းအမှုကို ကူညီပေးခဲ့သည့် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက နိရဥ္စရာသို့ပြောဆိုထားသည်။
ရခိုင်ဒေသတွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုဖြစ်ရပ်များ ပိုမိုဖြစ်ပွားလာနေသည်။
ယခုနောက်ပိုင်း ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောမြို့နယ်တို့တွင် သက်ငယ်မုဒိမ်းမှုဖြစ်စဥ်များဆက်တိုက်ဖြစ်ပွားခဲ့သည်။
အောက်တိုဘာလ ၆ ရက်၊ ည ၇ နာရီခန့်က
ပေါက်တောမြို့နယ်၊ သရက်ကျေးရွာတွင် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အိမ်နီးချင်းဖြစ်သူ အသက် ၂၂ နှစ်အရွယ် အမျိုးသားက အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။
ရသေ့တောင်မြို့နယ်၊ အလယ်ရွာချေတွင်လည်း အသက် (၉)နှစ်အရွယ် ကျောင်းသူတစ်ဦးအား အစ်ကိုဝမ်းကွဲတော်စပ်သူက (၇)ကြိမ်ထိ အတင်းအဓမ္မပြုကျင့်ပြီး အသက်အန္တရာယ်ကိုလည်းခြိမ်းခြောက်ခဲ့ကြောင်း မိသားစုနှင့်ကျူးလွန်ခံရသူမိန်းကလေးငယ်က သတင်းဌာနများသို့ ပြောဆိုထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်၊ နေ့လယ်ကလည်း မြောက်ဦးမြို့နယ်၊ ဆင်ချဆိပ်ရပ်ကွင်တွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်မှာ မုန့်သွားဝယ်ပြီး ဆိုင်မှ အပြန်တွင် အသက် (၃၈) အရွယ် ဇော်ဝင်းမောင်ဆိုသူက ၎င်းကလေးငယ်အား လေးမျက်နှာဘုရားအနီး မြတန်းဆောင်တောင်ကုန်းပေါ်သို့ ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်။
အဆိုပါအမှုများတွင် အတင်းအဓမ္မပြုကျင့်မှုစွဲချက်နှင့်ပတ်သက်၍ စွပ်စွဲခံရသူများအား ဖမ်းဆီးစစ်ဆေးနေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ထုတ်ပြန်သည်။
https://www.facebook.com/narinjara.info/posts/720875630079569