သီတင်းကျွတ်ကာလ မီးရှူးမီးပန်း၊ ဗြောက်အိုးဖောက်လျှင် အရေးယူမည်ဟု စစ်ကောင်စီကြေညာ

By DMG / 2023 October             27

ရခိုင်ပြည်အတွင်း မြို့နယ်အသီးသီးတွင် သီတင်းကျွတ်ကာလအတွင်း မီးရှူးမီးပန်း၊ ဗြောက်အိုးနှင့် ရှူးဒိုင်း ပစ်ဖောက်ခြင်းများကို မပြုလုပ်ကြရန် စစ်ကောင်စီက တားမြစ်ထားကြောင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

ရသေ့တောင်မြို့နယ်တွင် မီးရှူးမီးပန်း၊ ဗြောက်အိုးများ မဖောက်ရန်အတွက် အမိန့်စာကြော်ငြာပေးရန် အောက်တိုဘာလ ၂၆ ရက်နေ့မှစ၍ အကြောင်းကြားထားကြောင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပြောသည်။

“မနေ့ကပဲ ရွာကလူတွေသိအောင် ရွာဆော်နဲ့ အမိန့်စာထဲကပါတဲ့အတိုင်း အသိပေးကြငြာတာတွေကို လုပ်ဆောင်လိုက်ပါပြီ။” ဟု ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ ရပ်ကျေးစာရေး ဦးဦးခင်မောင်က ပြောသည်။

သီတင်းကျွတ်ကာလ မီးရှူးမီးပန်း၊ ဗြောက်အိုးနှင့် ရှူးဒိုင်းဖောက်ခြင်းကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများက ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည့်လုပ်ရပ်များ လုပ်ဆောင်လာနိုင်သဖြင့် တားမြစ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏အမိန့်စာတွင် ဖော်ပြထားသည်။

ယင်းကြောင့် မီးရှူးမီးပန်း၊ ဗြောက်အိုးများကို ဝယ်ယူပစ်ဖောက်ခြင်း၊ ရောင်းချခြင်းများကို မပြုလုပ်ကြရန်နှင့် တားမြစ်မိန့်အား ဖောက်ဖျက်ကျူးလွန်လျှင် ရာဇသတ်ကြီးဥပဒေပုဒ်မ – ၁၈၈ အရ အရေးယူသွားမည်ဟု အမိန့်စာတွင်ပါရှိသည်။

“ကျမတို့ဆီမှာတော့ အရင်နှစ်က ဒီလိုအချိန်ဆို ရွာမှာ ဗြောက်အိုးမဖောက်ရ၊ မရောင်းရဆိုပြီး အော်တယ်။ ဒီနှစ်တော့ အော်တာမကြားသေးဘူး” ဟု ဘူးသီးတောင်မြို့နယ်၊ စက်ခေါ်ကျေးရွာမှ ဒေါ်အေးခိုင်နုက ပြောသည်။

ယခုထုတ်ပြန် တားမြစ်လိုက်သော မီးရှူးမီးပန်း၊ ဗြောက်အိုးနှင့် ရှူးဒိုင်းဖောက်ခြင်းမပြုရန် အမိန့်စာသည် အောက်တိုဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ အကျူးဝင်ကြောင်း သိရသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ၂၀၁၈ ခုနှစ် တိုက်ပွဲဖြစ်ပွားပြီးနောက် သီတင်းကျွတ်ရောက်တိုင်း နှစ်စဉ် မီးရှူးမီးပန်း၊ ဗြောက်အိုးများ မဖောက်ရန် ထုတ်ပြန်ကြေညာလျက်ရှိသည်။

https://www.facebook.com/dmgnewsagency/posts/722967559876843

Leave a Reply

Your email address will not be published.