သက်ငယ်မုဒိမ်းမှုတွေကို ကြီးလေးတဲ့ပြစ်ဒဏ်ပေးရန် လိုအပ်နေပြီ (အယ်ဒီတာ့အာဘော်)

By DMG / 2023 October             16

“ပြစ်မှုကျူးလွန်တဲ့သူကို အပြစ်ရှိတဲ့အတိုင်း အပြစ်ပေးစေချင်ပါတယ်။ ကျူးလွန်ခံရတဲ့ မိန်းကလေးဘက်မှာ ပြန်ဆယ်လို့လည်း မရတော့ဘူး။ တစ်သက်လုံး ပျက်စီးသွားပြီ”

ဒါကတော့ ရခိုင်က မကြာသေးခင်ကမှဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုဖြစ်စဉ်တစ်ခုမှာ ကျူးလွန်ခံရတဲ့ မိန်းကလေးငယ်ရဲ့ မိသားစုဝင်တစ်ဦးက ပြောဆိုထားတာပါ။

အမှန်တကယ်လည်း သက်ငယ်မုဒိမ်းမှုတွေ ဖြစ်တဲ့အခါ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေးငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာ ကုစားပေးမှုတွေ၊ သူတို့ဘဝ ပြန်လည်နာလန်ထူလာနိုင်စေဖို့နဲ့ ဘဝလုံခြုံမှုတွေအတွက် နေရာချထားပေးရေးတွေ လိုအပ်နေတာပါ။

အချို့သော အဓမ္မပြုကျင့်ခံရတဲ့ အသက်ဆယ်နှစ်အောက် အမျိုးသမီးငယ်တွေဆိုရင် သားအိမ်ကို ထုတ်ပစ်ရတာတွေအထိ ဆိုးဝါးခဲ့တာကြောင့် သူ့ရဲ့ဘဝတစ်လျှောက်လုံး မျိုးဆက်မပွားနိုင်တော့တာလဲ ဖြစ်ပါတယ်။ အချို့ကတော့ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်ခဲ့ကြတာပါ။

လက်ရှိ ရခိုင်ပြည်ရဲ့ အနေအထားကိုကြည့်မယ်ဆိုရင်လည်း သက်ငယ်မုဒိမ်းမှုတွေ တိုးလာနေတာကို စိတ်ပျက်ဖွယ် တွေ့မြင်လာနေရပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးငယ်တွေဆိုတာ အသက်အားဖြင့် ၃ နှစ်ကနေ ၁၂ နှစ်လောက်သာ ရှိကြသေးတာလည်း ဖြစ်ပါတယ်။

ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုတွေကို ပြန်ကြည့်ရင် အများစုဟာ အိမ်နီးနားချင်း နေထိုင်သူတွေ၊ ဆွေမျိုးတော်စပ်သူတွေ၊ ကလေးနဲ့ ရင်းနှီးကျွမ်းဝင်သူတွေ စတဲ့ ထင်မှတ်မထားတဲ့သူတွေက အဓမ္မပြုကျင့်မှုကို ကျူးလွန်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

သက်ငယ်မုဒိမ်းမှုဆိုတာက မကြာခင်ကမှ ပေါ်ပေါက်လာတဲ့ ပြသာနာတော့ မဟုတ်ပါဘူး။ လူ့အသိုင်းအဝိုင်းမှာ ဆယ်စုနှစ် သုံးခု၊ လေးခုမကကြာအောင် လှိုက်စားနေခဲ့တာပါ။

လက်ရှိ ဆိုရှယ်မီဒီယာတွေ အားကောင်းလာတာကြောင့် သက်ငယ်မုဒိမ်းမှုဖြစ်စဉ်တွေကို သိလာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သက်ငယ်မုဒိမ်းမှုဖြစ်စဉ် အနည်းအကျဉ်းလောက်ကသာ လူသိရှင်ကြားဖြစ်ကြတာပါ။

ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာဆိုရင် မုဒိမ်းမှုမဟုတ်တဲ့ ကလေးရဲ့ လိင်အင်္ဂါကို စနောက်တဲ့သဘောနဲ့ ကိုင်တာမျိုးကိုတောင် ခွင့်ပြုမထားဘဲ ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်နိုင်တဲ့ပြစ်ဒဏ် သတ်မှတ်ထားကြပါတယ်။ ဒါကို ကျနော်တို့ရဲ့ လူမှု အသိုင်းအဝိုင်းမှာတော့ ကလေးကိုချစ်လို့ စတယ်လို့ မြင်နေကြတုန်းပါပဲ။

ယောက်ျားကလေးတွေဆိုရင် လိင်အင်္ဂါကို ကိုင်တွယ်တာနဲ့ မိန်းကလေးတွေဆိုရင် ပေါင်ပေါ်တက်ထိုင်ခိုင်းတာတွေဟာ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုပဲ ဖြစ်ပါတယ်။ အဲ့လို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကနေ တဆင့်တက်ပြီး ကလေးမုဒိမ်းမှုတွေ ဖြစ်လာနိုင်ခြေ များပါတယ်။

ဒါကြောင့် အမှုဖြစ်မှ ဖြေရှင်းတာထက် အမှုမဖြစ်ခင် ကြိုတင်ကာကွယ်ထားသင့်တာလည်း ဖြစ်ပါတယ်။ အချို့သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရတဲ့ကလေးရဲ့ မိသားစုတွေဟာ နေ့စားအလုပ်သမား အခြေခံလူတန်းစားတွေ ဖြစ်တာကြောင့် တရားရင်ဆိုင်နိုင်မယ့် ကိစ္စမှာလည်း အခက်အခဲတွေ ရှိကြပါသေးတယ်။

မြန်မာနိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း မုဒိမ်းမှုစုစုပေါင်း (၈၆ဝ) မှု ဖြစ်ပွားခဲ့ပြီး အရွယ်ရောက်ပြီးသူ မုဒိမ်းပြုကျင့်ခံရမှု (၂၃၃) မှုနဲ့ သက်ငယ်မုဒိမ်းမှု (၆၂၇) မှု ဖြစ်ပွားခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

သက်ငယ်မုဒိမ်းမှု ဖြစ်ရတဲ့အကြောင်းအရင်းကို ပညာရှင်တွေသုံးသပ်တာကတော့ ကျူးလွန်ခံရတဲ့ ကလေးငယ်ဟာ ဘေးကင်းလုံခြုံတဲ့နေရာမှာ ရှိမနေတာ၊ ပတ်ဝန်းကျင်မှာ လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုတွေ အားနည်းတာနဲ့ ဥပဒေပိုင်းဆိုင်ရာအရ အရေးယူမှုအပိုင်းတွေမှာ အားနည်းချက်တွေကြောင့်လို့ ဆိုပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးတွေအပေါ် အဓမ္မပြုကျင့်တဲ့ ပြစ်မှုကျူးလွန်သူတွေကို နိုင်ငံအများစုမှာ သေဒဏ် ပေးလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိပြင်ဆင်ပြဋ္ဌာန်းချက်အရ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၇၆ မှာ အသက် ၁၂ နှစ်အောက်နဲ့ မသန်စွမ်းအမျိုးသမီးတွေအပေါ် အဓမ္မကျူးလွန်သူတွေကို အနည်းဆုံးထောင်ဒဏ် နှစ် ၂၀ ကနေ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။

NLD အစိုးရလက်ထက်က သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးရေးအတွက် လမ်းမပေါ်ထွက်ကာ ဆန္ဒဖော်ထုတ်မှုတွေ တွင်တွင်ကျယ်ကျယ်ရှိခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်မှာလည်း အဆိုတစ်ရပ်အနေနဲ့ တင်သွင်းခဲ့ပေမယ့် ထောက်ခံသူနည်းတဲ့အတွက် အဆိုတင်သွင်းမှုလည်း ရှုံးနိမ့်ခဲ့ရပါတယ်။

လက်ရှိ ရခိုင်ပြည်အတွင်းက တရားစီရင်ရေးအများစုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က ချုပ်ကိုင်ထားတာကြောင့် သက်ငယ်မုဒိမ်းမှုတွေနဲ့ပတ်သက်လို့ စံနမူနာဖြစ်စေမယ့် စီရင်ဆုံးဖြတ်ချက်တွေ ချက်မှတ်ဖို့ DMG က တိုက်တွန်းလိုက်ရပါတယ်။

https://www.facebook.com/dmgnewsagency/posts/716361480537451

Leave a Reply

Your email address will not be published.