By Narinjara / 2023 October 31

စစ်ကောင်စီတပ်၏ ခါယာစခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များသည် ကချင်ပြည်၊ လိုင်ဇာဌာနချုပ်ရှိ ရက္ခိုင့်တပ်တော် (AA) တပ်စခန်းများရှိရာပတ်ဝန်းကျင်တွင် ကျရောက် ပေါက်ကွဲလျက်ရှိကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ (MNDAA/ TNLA/AA) က သတင်းထုတ်ပြန်သည်။
၎င်းပြင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် ရန်သူ့လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သော မုန်လိုင်ခတ် ပတ်ဝန်းကျင်နေရာများတွင်လည်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲလျက်ရှိသည်ဟု ဆိုသည်။
တစ်ပြိုင်နက်တည်းတွင် မြစ်ကြီးနား- ဗန်းမော်ကားလမ်းမပေါ်ရှိ စစ်ကောင်စီ စခန်းတစ်ခုဖြစ်သော ကန်တောင်ယန် (ဂန်တောင်ယန်) စခန်းအနီးတွင် တိုက်ပွဲများပြင်းထန်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့က စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် လိုင်ဇာရှိ အေအေ စခန်းတစ်ခုတွင် ကျရောက်ပေါက်ကွဲ၍ အသက် ၂၇ နှစ်အရွယ် တပ်သား မောင်ဘိုဆန်းဖြစ်ကြောင်း တစ်ဦး ကျဆုံးခဲ့သလို စက်တင်ဘာလ(၂၈) ရက်က စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုအတွင်း မုန်လိုင်ခက်စခန်းတွင် ကျရောက်ပေါက်ကွဲ၍ AA မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦး သေဆုံးခဲ့ပြီး အလတ်စား၊ အပြင်းစား ဒဏ်ရာရရှိသူတချို့ရှိခဲ့ကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/732344168932715