လမ်းတိုးချဲ့ရန်ဟုဆိုကာ စစ်တွေ ဘုမေကျေးရွာမှ ဈေးဆိုင်များနှင့်နေအိမ် ၁ဝ ကျော်ကို အောက်တိုဘာလ ၁၀ ရက်နောက်ဆုံးထား ဖယ်ရှားခိုင်းနေ

By Narinjara / 2023 October     9

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘုမေကျေးရွာနှင့် အုန်းတောကျေးရွာသွား ကွန်ကရစ်လမ်းကို တိုးချဲ့ရန်အတွက်ဟုဆိုကာ လမ်းဘေးဝဲယာရှိ ဈေးဆိုင်ခန်းများအပါအဝင် လူနေအိမ် ၁ဝ ကျော်အား အောက်တိုဘာလ ၁၀ ရက် နောက်ဆုံးထား၍ ဖယ်ရှားပေးရန် စစ်ကောင်စီက ဖိအားပေးနေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါလမ်းကို ယခင်လမ်းအကျယ် ၁၄ ပေအား ယခုအခါ ၂၂ ပေအထိ တိုးချဲ့သွားမည်ဖြစ်ပြီး တစ်ဘက်စီရှိ ပလက်ဖောင်းအကျယ်ကိုလည်း နောက်ထပ် ၆ ပေအထိယူကာ စစ်တွေမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကောင်းသန့်ဟိန်း ကုမ္ပဏီက တိုးချဲ့ဆောင်ရွက်သွားရန်ရှိသည်ဟု သိရသည်။

ယင်းသို့ ဆောင်ရွက်ရန်အတွက် လမ်းဘေးဝဲယာရှိ စျေးဆိုင်ခန်းများနှင့်နေအိမ်များကို အောက်တိုဘာလ ၁၀ ရက် နောက်ဆုံးထားဖယ်ရှားပေးရန် စက်တင်ဘာလ ၂၈ ရက်ကတည်းက စာဖြင့် အကြောင်းကြားလာခြင်းဖြစ်သည်ဟု ဆိုင်ခန်းနေရာအရှေ့ခြမ်း ဖယ်ရှားခံရသည့် ဘုမေဒေသခံတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“၁၀ ရက်နေ့နောက်ဆုံးမဖြိုရင် ငါတို့က ဘူဒိုဇာနဲ့ဖြိုပစ်လိုက်မယ်ဆိုပြီး ပြောတယ်။ အခုလည်း အရင်ပလက်ဖောင်းတွေကို ဖြိုထားပြီ။ လမ်းစလုပ်ဖို့ဆိုပြီးတော့ နေရာရွေ့ပေးရတဲ့သူတွေက ရွေ့ပေးထားရပြီ။ ဌာနဆိုင်ရာနဲ့တော့ အားပြိုင်လို့မရဘူးလေ။ ဒါကြောင့် ဖယ်ပေးတဲ့သူတွေဖယ်ပေးထားရပါပြီ” ဟု ပြောသည်။

အဆိုပါလမ်းတိုးချဲ့ရန်အတွက် ဘုမေလမ်းဆုံ ဈေးအနီးမှ ဘုမေရွာနှင့်ကပ်လျက် စစ်တွေလေယာဉ်ကွင်းပြေးလမ်းနားအထိ ဈေးဆိုင်များနှင့် လူနေအိမ် ၁ဝ ကျော် နေရာရွေ့ပေးရမည့်အထဲတွင် ပါဝင်နေကြောင်း ဘုမေဒေသခံများက ပြောသည်။

ပြောင်းရွေ့ရမည့်စျေးဆိုင်များတွင် ကုန်စုံဆိုင်၊ ဟင်းသီးဟင်းရွက်အရောင်းဆိုင်နှင့် အသားငါးအရောင်းများပါဝင်သည်ဟု သိရသည်။

နောက်ထပ် ဘုမေဒေသခံတစ်ဦးက “လမ်းမပေါ်အထိ ဈေးတက်မရောင်းရဘူး။ လမ်းချဲ့ဖို့ ဆိုင်ခန်းနေရာတွေ နောက်ဆုတ်ရမယ်လို့ အစိုးရက လာပြောပါတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း အဆိုပါ ဘုမေ-အုန်းတောရွာ သွားလမ်းကို တိုးချဲ့ရန် သက်ဆိုင်ရာနှင့်ဆွေးနွေးခဲ့ကြရာတွင် ကျေးရွာတာဝန်ရှိသူများက ဈေးရောင်းချသူများလည်း မနစ်နာစေရန် တင်ပြတောင်းဆိုခဲ့ဖူးသည်ဟု ရွာခံတစ်ဦးက ပြောသည်။

“ရွာထဲလမ်းဖြစ်တဲ့အတွက် ဘေးပလက်ဖောင်းကို တစ်ဖက်ကို ၃ ပေစီ နှစ်ဖက်ယူပါ။ အဲဒီပလက်ဖောင်းကို အခုလက်ရှိအဲဒီလမ်းမှာ မြောင်းဖောက်ထားတဲ့အပေါ်မှာ ပလက်ဖောင်းကိုချလိုက်ရင် လမ်းလည်းကြီးတယ်။ လူတွေလည်းဒုက္ခမဖြစ်တော့ဘူးလို့ ဆွေးနွေးခဲ့ကြသေးတယ်။ ဒါပေမယ့် သူတို့ကလက်မခံတော့ အခုလိုဖြစ်လာတာ” ဟုပြောသည်။

လက်ရှိတွင် လမ်းတိုးချဲ့ရန်အတွက် ဆိုင်ခန်းနေရာများ ပြောင်းရွေ့ပေးနေရသည့်အတွက် အဆင်မပြေမှုများဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်တွေမြို့တွင် လမ်းတိုးချဲ့ရန်ဟုဆိုကာ စစ်တွေကမ်းခြေဟိုတယ်ဆင်းလမ်းရှိ စားသောက်ဆိုင် ၁၀ ဆိုင်ကို ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်က ပြည်နယ်စစ်ကောင်စီ၏ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အင်အားသုံးကာ ဖြိုဖျက်ခဲ့သည်။

ဖြိုဖျက်ခံလိုက်ရသည့်ဆိုင်ရှင်များကလည်း ဆိုင်နေရာအစားထိုးပေးရန်အတွက် ပြည်နယ်စစ်ကောင်စီထံ တောင်းဆိုထားသည်။

https://www.facebook.com/narinjara.info/posts/719059186927880

Leave a Reply

Your email address will not be published.