“ကိုးကန့်တိုက်ပွဲတွင် AA မှ တပ်ရင်း(၃၃)၊ (၁၁၃)တို့အပါအဝင် တပ်ရင်း (၁၀)ရင်းခန့် MNDAA တပ်ဖွဲ့နှင့်ပူးပေါင်းပါဝင်တိုက်ခိုက်နေ”
By Narinjara / 2023 October 30

ကိုးကန့်တိုက်ပွဲတွင် ရက္ခိုင့်တပ်တော် (AA) မှ တပ်ရင်း(၃၃) (၁၁၃)တို့ အပါအဝင် တပ်ရင်း (၁၀)ရင်းခန့် ကိုးကန့် MNDAA တပ်ဖွဲ့နှင့် ပူးပေါင်းပါဝင်တိုက်ခိုက်နေ Operation 1027- 3 BHA က ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြသည်။
၎င်းပြင် ရှမ်းမြောက်တိုက်ပွဲ ၃ရက်တာအတွင်း ညီနောင်မဟာမိတ် ၃ဖွဲ့မှ စစ်ကောင်စီ၏ တပ်စခန်း စုစုပေါင်း၆၇ခုကို သိမ်းယူနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃၇ ဦး ဖမ်းဆီးမိသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာ ၂၉ ရက်နေ့ တစ်နေ့တာတိုက်ပွဲများတွင် ကိုးကန့် MNDAA မှ စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၂၁)ခု သိမ်းယူနိုင်ခဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့မှ သိမ်းပိုက်မိသည့် စစ်တပ်စခန်းမှာ စုစုပေါင်း ၆၇ ခုအထိ ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA) ၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့ ညီနောင်မဟာမိတ်(၃) ဖွဲ့ ၏ (၁၀၂၇စစ်ဆင်ရေး) operation ကြီး ဖော်ဆောင်ခဲ့သော (၃)ရက်မြောက်တွင် MNDAA သည် အောင်ပွဲများ ဆက်လက်ရရှိခဲ့ကြောင်း၊ ကိုးကန့် ဒေသ ရာခုတ်ကိုင်စခန်း ၊ ရန်သက်ရှမ်း (ရန်တော်စံ) စခန်း စသည့်စစ်ကောင်စီ၏ (၁၀)နှစ်ကျော်ကြာ တပ်တည်ထား သော စခန်းကြီးကို တစ်ခုချင်းစီ တိုက်ခိုက်သိမ်းယူခဲ့သည်ဟု ဆိုသည်။
မုံးကိုး နှင့် မူပန်(သိန္နီ)ဘက်တွင်လည်း အောင်မြင်မှု အသစ်များ ရရှိခဲ့ကြသည်ဟု သိရသည်။
ယခုရက်ပိုင်းတိုက်ပွဲများတွင် ရက္ခိုင့်တပ်တော်(AA)မှ တပ်ရင်း(၃၃) (၁၁၃)တို့အပါအဝင် တပ်ရင်း (၁၀)ရင်းခန့် MNDAA တပ်ဖွဲ့နှင့်ပူးပေါင်းပြီး စစ်ဆင်ရေး Operation ကြီးကို အတူတကွ လက်တွဲဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ညီနောင်တအာင်းတပ်တော်အဖွဲ့အစည်းသည်လည်း ပြည်ထောင်စု လမ်းမတလျှောက်တွင် ပူးတွဲ စစ်ဆင်ရေးများကို လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။ ( NN-11)
ဓာတ်ပုံ- Operation 1027 – 3 BHA
https://www.facebook.com/narinjara.info/posts/732041525629646