By Western News / 2023 October 28

ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို MNDAA အပါအဝင် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ စစ်သားအလောင်းများနှင့် စစ်လက်နက်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း ကိုးကန့်တပ်က တရုတ်ဘာသာဖြင့် ယနေ့တွင် သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ စစ်ကောင်စီ၏ တပ်စခန်း များကို သိမ်းဆည်းရရှိခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများနှင့်အတူ စစ်တပ်ဘက်မှ အများအပြား သေဆုံးကြောင်းနှင့် စစ်ကောင်စီတပ်သားပုံများနှင့် တကွ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ထို့အပြင် ၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ တိန်းတန် တပ်စခန်းကို TNLA က သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်း အမြောက်အမြားပါ သိမ်းဆည်းရရှိကြောင်း တအာင်း TNLA က တရားဝင် ကြေညာသည်။
အောက်တိုဘာလ ၂၇ရက်နေ့တွင် တပ်မဟာ(၆)စစ်ဒေသ လာရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းနှင့် တိန်တန်တပ်စခန်းတို့ကို နံနက်ပိုင်း ၅ နာရီကျော်အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA တိုက်ခိုက်ခဲ့ပြီး နေ့လယ်ပိုင်း ၁၂နာရီအချိန်တွင် တိန်းတန်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။
ညီနောင်မဟာမိတ်နှင့် ပူးပေါင်းအဖွဲ့တို့က စစ်ကောင်စီနှင့် ပြည်သူ့စစ်များကို နှိမ်နင်းနိုင်ဖို့ ၁၀၂၇ စစ်ဆင်ရေးကို ဟန်ချက်ညီ ပူးပေါင်းဆင်နွဲလိုက်ကြောင်း AA ပါဝင်သည့် မဟာမိတ်အဖွဲ့ က အောက်တိုဘာ ၂၇ရက်နေ့ နံနက်အစောပိုင်းက သတင်းထုတ်ပြန်သည်။
https://www.facebook.com/westernnewsagency/posts/771629804976448