ရသေ့တောင်က ဆရာမ နှင်းယုနွယ်ကို သတ်သူမှာ တရားခံတစ်ဦးထက် ပိုကြောင်း AA ပြော

(ထွက်ပြေးတရားခံ မောင်မောင်အေးမှာ ဆရာမကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံထားဟုသိရ)

By Western News / 2023 October     13

ရခိုင်ပြည် ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောကျေးရွာက အလယ်တန်းပြ ကျောင်းဆရာမ နှင်းယုနွယ်ကို သတ်ဖြတ်သွားသည့် တရားခံမှာ တစ်ဦးထက်ပိုပြီး တရားခံများအားလုံးကို ဖမ်းဆီးရမိထားပြီဟု ရက္ခိုင့်တပ်တော် ULA/AA ပြောခွင့်ရ ဦးခိုင်သုခက Western News ကို ပြောသည်။

ဦးခိုင်သုခက “ဆရာမ နှင်းယုနွယ်ကိစ္စက ကျနော်တို့ စစ်ဆေးမှုတွေ လုပ်နေတယ်။ အခုကတော့ ဘယ်သူသတ်သလဲဆိုတဲ့ တရားခံကတော့ ကျနော်တို့ ဖော်ထုတ်ထားနိုင်ပြီဗျာ။ တခြားစစ်ဆေးစရာ အချက်အလက်တွေ ကျန်နေသေးတာကြောင့်မို့လို့ ဘယ်သူလဲဆိုတာက ထုတ်ဖော်ပြောလို့မရသေးဘူး။ တရားခံကတော့ တစ်ဦးထက်ပိုပါတယ်။ ဘယ်သူတွေ ပါသလဲဆိုတာက နောက်မှ ကျနော်တို့ အသေးစိတ်ထုတ်ပြန်ပေးပါမယ်” ဟု ပြောသည်။

ဆရာမနှင်းယုနွယ်ကို သတ်ဖြတ်သွားသည့် တရားခံများကို ဖော်ထုတ်ထားနိုင်ပြီဖြစ်၍ သံသယဖြင့် စစ်ဆေးနေသော တရားခံမဟုတ်သည်သူများကိုလည်း ပြန်လည်လွှတ်ပေးထားပြီဖြစ်ကြောင်း ဦးခိုင်သုခက ဆိုသည်။

“ဆရာမအမှုနဲ့ မဆက်စပ်တဲ့သူတွေကို ကျနော်တို့ အများကြီး မထိန်းသိမ်းထားပါဘူး။ ပြန်လွှတ်ပေးလိုက်ပြီ။ ဆက်စပ်တဲ့သူတွေကိုတော့ ဆင့်ခေါ်ပြီးတော့ စစ်ဆေးနေတာရှိပါတယ်” ဟု ပြောသည်။

ဆရာမနှင်းယုနွယ်ကို သတ်ဖြတ်သွားသည်ဟု ပထမဆုံး သံသယဖြင့် ဖမ်းဆီးခဲ့သူ ဆရာမနှင့်တစ်ရွာတည်းနေ ကိုမောင်မောင်အေးမှာ ဆရာမအား သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံထားကြောင်း ရက္ခိုင့်တပ်တော် အသိုင်းအဝိုင်းက ပြောဆိုနေကြသည်။

သို့သော်လည်း AA ပြောခွင့်ရ ဦးခိုင်သုခက တရားခံများကို ထုတ်ဖော်ခြင်းမရှိသေးသည့်အတွက် Western News အနေဖြင့် ကိုမောင်မောင်အေးမှာ လူသတ်တရားခံဟု အတည်မပြုနိုင်သေးပေ။

ကိုမောင်မောင်အေးသည် ရက္ခိုင့်တပ်တော် ULA/AA မှ ပထမ သံသယဖြင့် ဖမ်းဆီးထားစဉ် ထွက်ပြေးမှု ပြုလုပ်ခဲ့ပြီး ရက္ခိုင့်တပ်တော် ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြရသည်။

ဆရာမ နှင်းယုနွယ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က ပန်းဖော်ပြင်ကျေးသို့ စာပြသွားရာ လမ်းမှာ လည်လှီးသတ်ဖြတ်ခံခဲ့ရသည့်အပြင် အဓမ္မပြုကျင့်မှုပါ ခံခဲ့ရနိုင်ကြောင်း ဆရာမ အလောင်းတွေ့ရှိခဲ့သူများက ပြောဆိုထားကြသည်။

ဆရာမနှင်းယုနွယ် မိဘများကလည်း လူသတ်တရားခံများကို အမြန်ဆုံးဖော်ထုတ်ပေးရန်နှင့် ပြစ်မှုကျူးလွန်သူများကို ကြီးလေးသော ပြစ်ဒဏ်များပေးရန် တောင်းဆိုထားကြပြီး ရက္ခိုင့်တပ်တော် ULA/ AA  ၏ တရားစီရန်မှုကို စောင့်ကြည့်နေကြောင်းလည်း ဆိုသည်။

ရခိုင်ပြည်အတွင်း အမျိုးသမီးအဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းဆရာ/ဆရာမ အသိုင်းအဝိုင်းတို့ကလည်း ပြစ်မှုကျူးလွန်သည့် တရားခံများကို သေဒဏ်ပေးရန် တောင်းဆိုနေကြသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/762226109250151

Leave a Reply

Your email address will not be published.