ရသေ့တောင်က ဆရာမကို သတ်သူမှာ မောင်မောင်အေးဖြစ်ကြောင်း ဖြောင့်ချက်ဗီဒီယို ထွက်ပေါ်လာ

By Western News / 2023 October     14

ပုံစာ – ဆရာမ ဒေါ်နှင်းယုနွယ်အား မည်သို့ မည်ပုံသတ်ဖြတ်ခဲ့သည်ကို မောင်မောင်အေးက ရှင်းပြနေစဉ်။

ရခိုင်ပြည် ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောကျေးရွာက အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားသူမှာ မောင်မောင်အေးဖြစ်သည်ဟု ဖြောင့်ချက်ဗီဒီယိုဖိုင် ထွက်ပေါ်လာကြောင်း သိရသည်။

မောင်မောင်အေးသည် ဆရာမနှင့် တစ်ရွာတည်းနေ ကျွန်းပေါ်ပေါက်တောကျေးရွာဒေသခံဖြစ်သည်။ ဆရာမကို ဓါးရှည်ဖြင့် သတ်ဖြတ်ခဲ့ကြောင်း မောင်မောင်အေး ဝန်ခံထားသည့် ဗီဒီယိုဖိုင် ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့က မြတ်နိုင်ထွန်း လူမှုကွန်ရက်အကောင့်မှ ထုတ်လွှင့်ထားသည်။

ဗီဒီယိုဖိုင်နှင့်အတူ ရေးသားသည့်စာမှာ ရသေ့တောင်က ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်ကို သတ်ဖြတ်သူ မောင်မောင်အေး၏ ကနဦး ဖြောင့်ချက်ဝန်ခံချက်ဖြစ်ကြောင်းနှင့် များမကြာမီတွင် သက်ဆိုင်ရာဌာနမှ အသေးစိတ်ထုတ်ပြန်ပေးသွားမည်ဟု ရေးသားထားသည်။

မောင်မောင်အေး၏ ဝန်ခံချက် ဗီဒီယိုဖိုင်တွင် ရက္ခိုင့်တပ်တော် နယ်မြေခံ ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက မေးမြန်းနေသည်ကို တွေ့ရပြီး ဖြောင့်ချက်ဝန်ခံချက် ဗီဒီယိုဖိုင် ထွက်ပေါ်လာခြင်းမှာလည်း ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များထံမှ ထွက်ပေါ်လာခြင်းဟု ယူဆနိုင်သည်။

ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်အား မည်ကဲ့သို့ သတ်ဖြတ်ပုံကို ရက္ခိုင့်တပ်တော် ရဲအရာရှိတစ်ဦးက မေးမြန်းမှုအပေါ် မောင်မောင်အေးက ယခုလိုပြောပြသည်။

“ဆရာမက စာပြဖို့သွားနေတာ။ ထီးဆောင်လို့။ ကျနော်က လက်ထဲမှာ ဓါးရှည်တစ်လက် ကိုင်လို့လာတယ်။ လမ်းမှာတွေ့တွေ့ချင်းပဲ စကားဘာတစ်ခွန်းမှ မပြောဘဲ ဓါးရှည်ရိုးနဲ့ ပထမဆုံး ခေါင်းကို ရိုက်လိုက်တယ်။ ဆရာမက တစ်ပတ်လည်သွားတယ်။ အဲဒီအချိန်မှာ ထပ်ပြီးတော့ ရင်ညွန့်ကို ဓါးအပြားနဲ့ ထပ်ရိုက်တယ်။ ပြီးတော့ ဆရာမကို ခြေထောက်နဲ့ ကန်လိုက်တယ်။ ဆရာမက မြေကြီးပေါ်သို့ လဲကျသွားတယ်။ သူကမှောက်သွားတယ်။ အဲဒီအချိန်မှာ လည်ဂုတ်နောက်ဘက်ကို ဓါးနဲ့ခုတ်လိုက်တယ်” ဟု ပြောသည်။

ဆရာမ မှောက်လဲနေရာမှ ပြန်လှန်ပြီး ရင်ညွန့်ကို ခြေဖနှောင့်ဖြင့် ဆောက်ကန်ပြီး မျက်နှာကို အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့ကြောင်း၊ တစ်ဆက်တည်းမှာပဲ လည်မြိုကို ဓါးရှည်ဖြင့် လှီးဖြတ်ခဲ့ကြောင်း မောင်မောင်အေးက ဝန်ခံပြောဆိုထားသည်။

“ဘာဖြစ်လို့ လည်မြိုကို လှီးဖြတ်ရလဲဆိုရင် သေအောင်လို့ပါ။ ဆရာမက ကျနော် ပထမ ဦးခေါင်းကို ဓါးရှည်နဲ့ ရိုက်လိုက်ကတည်းက ကျနော့်ကို ပြန်ခုခံတာမျိုးမရှိခဲ့ဘူး။ ဆွဲလားပါလား မလုပ်နိုင်ခဲ့ဘူး။ ကျနောင်က နားထင်ကို အားနဲ့ရိုက်တဲ့အတွက် ဆရာမမှာ ပြန်ခုခံနိုင်တဲ့အား မရှိတော့ဘူး” ဟု ပြောသည်။

အဆိုပါ ဖြောင့်ချက်ဗီဒီယိုတွင် ဆရာမ ဒေါ်နှင်းယုနွယ်ကို မည်သည့်အကြောင်းအရင်းများကြောင့် သတ်ဖြတ်ရသည့်အကြောင်းပြချက်အား ပြောကြားခြင်းမပါဝင်ပေ။

ရက္ခိုင့်တပ်တော် ULA/AA နှင့် Western News တို့ ယမန်နေ့‌ နေ့လယ်က အင်တာဗျူးတွင် AA ပြောခွင့်ရ ဦးခိုင်သုခက ရသေ့တောင်မြို့နယ်မှ ကျောင်းဆရာမအား သတ်သည့် တရားခံအစစ်ကို ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း မည်သူမည်ဝါဖြစ်သည်ကို ဦးခိုင်သုခကက ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

ဦးခိုင်သုခက “ဘယ်သူသတ်သလဲဆိုတဲ့ တရားခံကတော့ ကျနော်တို့ ဖော်ထုတ်ထားနိုင်ပြီဗျာ။ တခြားစစ်ဆေးစရာ အချက်အလက်တွေ ကျန်နေသေးတာကြောင့်မို့လို့ ဘယ်သူလဲဆိုတာက ထုတ်ဖော်ပြောလို့မရသေးဘူး။ တရားခံကတော့ တစ်ဦးထက်ပိုပါတယ်။ ဘယ်သူတွေ ပါသလဲဆိုတာက နောက်မှ ကျနော်တို့ အသေးစိတ်ထုတ်ပြန်ပေးပါမယ်” ဟု ပြောသည်။

သို့သော်လည်း ရက္ခိုင့်တပ်တော် လက်အောက်ခံ မီဒီယာများမှ ယမန်နေ့မှာပဲ ဆရာမကို သတ်ဖြတ်သည့် တရားခံမှာ မောင်မောင်အေးဖြစ်ကြောင်း ပုံနှင့်တကွ ထုတ်ဖော်ထားကြသည်။

ယခု ဖြောင့်ချက်ဝန်ခံချက် ဗီဒီယိုဖိုင်ကို ကြည့်ခြင်းဖြင့်လည်း မောင်မောင်အေးသည် ဆရာမ ဒေါ်နှင်းယုနွယ်ကို သတ်ဖြတ်သည်ဟု လတ်တလောတွင် အတည်ပြုနိုင်ပြီး ဆရာမအမှုနှင့်ပတ်သတ်၍ ရက္ခိုင့်တပ်တော် ULA/AA မှ တရားဝင်ထုတ်ပြန်လာမည့် ဖြေရှင်းချက်များကို စောင့်ကြည့်ရမည်ဖြစ်သည်။

ဆရာမ ဒေါ်နှင်းယုနွယ်သည် စက်တင်ဘာလ ၁၆ ရက်နေ့က မိမိနေထိုင်ရာကျေးရွာ ကျွန်းပေါ်ပေါက်တောမှ အလယ်တန်းကျောင်းရှိရာ ပန်းဖော်ပြင်ကျေးရွာသို့ စာပြရန်သွားသည့်လမ်းတွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

ဆရာမကို သတ်ဖြတ်မှုဖြင့် ရက္ခိုင့်တပ်တော် ULA/AA ရဲတပ်ဖွဲ့က မောင်မောင်အေးကို ပထမဆုံးသံသယတရားခံအဖြစ် ဖမ်းဆီးခဲ့ပြီးနောက် မောင်မောင်အေးမှာ ထွက်ပြေးသွားကာ ရက္ခိုင့်တပ်တော် ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးခဲ့ရသည်။

ရက္ခိုင့်တပ်တော် ရဲတပ်ဖွဲ့မှ ပြန်လည်ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးမေးမြန်းရာ မောင်မောင်အေးက ဆရာမကို သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံထားကြောင်း ရက္ခိုင့်တပ်တော် မီဒီယာများက ပြောဆိုထားကြသည်။

ဆရာမ ရုပ်အလောင်းကို ပထမဆုံးတွေ့ရှိခဲ့သည့် ပန်းဖော်ပြင်ကျေးရွာသားများက ဆရာမသည် အဓမ္မပြုကျင့်မှုပါ ခံခဲ့ရနိုင်ကြောင်း ပြောဆိုမှုအပေါ် ယခု ပျံ့နှံ့နေသည့် မောင်မောင်အေး၏ ဖြောင့်ချက်ဝန်ခံချက် ဗီဒီယိုဖိုင်တွင် အဓမ္မပြုကျင့်မှုအကြောင်းအရာများ မပါဝင်ပေ။

မောင်မောင်အေးကလည်း ထုတ်ဖော်မပြောထားသလို ရက္ခိုင့်တပ်တော် ရဲအရာရှိကလည်း မေးမြန်းထားခြင်းမျိုးမရှိပေ။

ဆရာမ ဒေါ်နှင်းယုနွယ်ကို ဒေသအခေါ် (အစိမ်းသေ) သေဆုံးသွားသည်ဟုဆိုကာ မိသားစုဝင်များနှင့် ကျေးရွာသားတို့က ယင်းနေ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာပင် ချက်ချင်း မီးသင်္ဂြိုဟ်လိုက်ခြင်းကြောင့် ရက္ခိုင့်တပ်တော် ရဲတပ်ဖွဲ့မှာ အဓမ္မပြုကျင့်ခံရမှုနှင့်ပတ်သက်ပြီး သက်သေခံပစ္စည်းများ ရှာဖွေရေး အခက်အခဲဖြစ်သွားသည်ဟု သိရသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/762846462521449

Leave a Reply

Your email address will not be published.