ရခိုင် ဝန်ကြီးချုပ်ဟောင်း ဦးညီပု အပါအဝင် ဝန်ကြီးများအား ထောင်ဝင်စာ တွေ့ခွင့်မရ

By Western News / 2023 October     10

အာဏာသိမ်း စစ်ကော်စီမှ ထောင်ဒဏ်အသီးသီးချမှတ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လက်ထက်မှ ရခိုင်ပြည် ဝန်ကြီးချုပ်‌ဟောင်း ဦးညီပု အပါအဝင် ဝန်ကြီးများကို ထောင်ဝင် စာတွေ့ခွင့် မပေးဟု မိသားစုဝင်များကပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး/မွေးမြူရေးနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်တို့မှာ စစ်ကောင်စီထံ အဂတိလိုက်စားမှုပုဒ်အပြင် တစ်ခြားပုဒ်မ အသီးသီးဖြင့် ထောင်ဒဏ်ချမှတ် ခံထားကြရသူများ ဖြစ်သည်။

ထိုအထဲမှ ရခိုင်ပြည် ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှ မျက်စိတိမ်စွဲဝေဒနာ ခံစားရသည့်အတွက် ဆေးကုသခွင့် ရရှိသော်လည်း ထောင်ဝင်စာများနှင့် ၎င်း၏ ကျန်းမာရေးအခြေအနေများအား တွေ့ခွင့် မရရှိဟု သမီးဖြစ်သူက Western News ကိုပြောဆိုသည်။

“မျက်လုံးခွဲစိတ်တဲ့ တစ်နေ့ပဲ ခဏလောက်တွေ့လိုက်ရတယ်။ အဲ့နောက်ပိုင်း တွေ့ခွင့်မရဘူး။ ထောင်ဝင်စာ ဘယ်လိုမှ တွေ့ခွင့်မပေးဘူး။ ပါဆယ်ပဲပို့လို့ရတယ်။ မျက်လုံကို ဆေးခန်းလာပြတဲ့ အချိန်တွေမှာလည်း တွေ့ခွင့်မရဘူး” ဟုပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ အကျဉ်းထောင်အတွင်း မျက်စိတိမ်စွဲဝေဒနာ ခံစားရသည့်အတွက် ဆေးကုသခွင့်အချိန်ကြာမြင့်စွာတောင်းခံခဲ့ရမှာ လက်ရှိတွင် ဆေးကုသခွင့်ရရှိထားပြီး ဦးညီပုကိုလည်း ပြီးခဲ့သည့် မေလအတွင်းက အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွေ့ခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

ကျန်ဝန်ကြီးဟောင်း ၄ ဦးမှာမူ စစ်တွေအကျဉ်းထောင်တွင် ဆက်လက် ထိန်းသိမ်းထားဆဲရှိနေသေးပြီး အဆိုပါဝန်ကြီးများမှာ လည်း မိသားစုဝင်များမှ ထောင်ဝင်စာတွေ့ခွင့်မရသည်အတွက် ၎င်းတို့ ကျန်းမာရေးအတွက် စိုးရိမ်နေကြောင်း နီးစပ်သူများကပြောသည်။

ဝန်ကြီး မိသားစုဝင်တစ်ဦးက “ဝန်ကြီးတွေကို ထောင်ဝင်စာတွေ့ချင်ပေမယ့် တွေ့ခွင့်မရပါဘူး။ ထောင်ကပေးတဲ့ ဆေးတွေကလည်း အကုန် သက်တမ်းကုန်နေပြီ။ အဲ့ဒါတွေကို သောက်နေရတယ်လို့ ထောင်သတင်းအရ သိတယ်။ အနည်းဆုံးတော့ ပါဆယ်ပဲလောက် ပို့လို့ ရဖို့ လိုပါတယ်။ သူတို့ရဲ့ကျန်းမာရေးအခြေအနေကိုဘာမှ သတင်းမရဘူး။ တော်တော်ကို စိတ်ပူနေရတယ်”ဟုပြောသည်။  

ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးများကို ဂွမြို့နယ် ဂုံးသောင်တွင် တန်ဖိုးနည်းမြေကွက် ဖော်ဆောင်သည့်ကိစ္စ၊ စစ်တွေမြို့ အထည်ချုပ်စက်ရုံအား ဘဏ္ဍာငွေချပေးသည့် ကိစ္စနှင့် စျေးဆောက်လုပ်စေသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်မညီဟုဆိုကာ စစ်ကောစီမှ ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဝန်ကြီးဟောင်း ၅ ဦးမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ၂၀၂၂ ခုနှစ်တွင် ထောင်ဒဏ် ၉ နှစ်စီအသီးသီးချမှတ်ခံရမှုရှိခဲ့ပြီး ထိုအထဲမှ ဦးညီပုမှာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှု၊ မဲမသာမှုစသည့်ပုဒ်မများ ဦးမင်းအောင်မှာ မဲမသာမာမှုနှင့် ငြိမ်းစုစီ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စသည့်ပုဒ်မများဖြင့်ပါ ထောင်ဒဏ် ချမှတ်ခံရမှုတို့ အသီးသီးရှိခဲ့သည်။

https://www.facebook.com/westernnewsagency/posts/760515632754532

Leave a Reply

Your email address will not be published.