ရခိုင်ရှိ စစ်ကောင်စီတပ်ဂိတ် တစ်ချို့ စစ်ဆေးရေး တင်းကျပ်နေ

By Western News / 2023 October     23

ပုံစာ- ရခိုင်ပြည်အတွင်း စစ်ဆေးရေးပြုလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့များအားတွေ့ ရစဉ်။ ဓါတ်ပုံ CJ

ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဘက် နားလည်မှုဖြင့် အပစ်ခတ် ရပ်စဲထားသော်လည်း စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တစ်ချို့မှာ လတ်တလော စစ်ဆေးရေးတင်းကျပ်မှုတို့ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ စစ်ကောင်စီက စစ်ဆေးရေးတင်းကျပ်နေသည့် ဂိတ်များမှာ စစ်တွေ ကျောက်တန်းဂိတ်၊ ကျောက်တော် တပ်မဂိတ်နှင့် မြောက်ဦး ၅၄၀ ဂိတ်တို့ပါဝင်ပြီး အမ်းမြို့နယ်ဘက်တွင်လည်း တင်းကျပ်ထားကြောင်း ဖြတ်သန်းသွားလာနေသူများက ပြောသည်။

ထိုအထဲမှ စစ်တွေကျောက်တန်း စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာသူများအား အချိန်ကြာမြင့်စွာစစ်ဆေး မှုနှင့် ခရီးဆောင်အိတ်များအား ရှာဖွေမှုတို့ ပြုလုပ်ကာ တင်းကျပ်စွာဆေးမှုရှိနေသည်ဟု ခရီးသည်တစ်ဦးက ပြောသည်။

“ကျောက်တန်းဂိတ်ကအရင်ထက် စစ်ဆေးမှုတင်းကျပ်တယ်။ ကားတင်မဟုတ်ဘဲ ဆိုင်ကယ်တွေရောစစ်တယ်။ နောက်ပြီး ပါလာတဲ့ ခရီးဆောင်အိပ်တွေကအစ စစ်လာပါတယ်။ ဖြတ်သန်းသွားလာမယ့် သူတွေအနေတဲ့ ပိုသတိထားစေချင်တယ်” ဟုပြောသည်။

ထိုသို့စစ်ဆေးမှုရေးကြန့်ကြာမှုအခြေနေကြောင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့တွင် စစ်တွေမြို့ ကြွီတဲ ပိုက်ဆိပ်ကြီးကျေးရွာမှ အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးမှာ စစ်တွေဆေးရုံသို့အသွား ကျောက်တန်းဂိတ်တွင် သေဆုံးခဲ့ရမှုတို့ရှိခဲ့သည်။

ယင်းအပြင် မြောက်ဦးအဝင်ဂိတ်တစ်ခုဖြစ်သည့် ခမရ ၅၄၀ တပ်တွင်လည်း ခရီးသည်တင်ကားများ ကုန်ကားများနှင့် လူနာတင်ယာဉ်များကအစ စစ်ဆေးမှုတို့ရှိသည်ဟု ကားသမားတစ်ဦးကပြောသည်။

“ပုံမှန်အရဆို အဲ့လမ်းကကျဉ်းတယ်။ အဲ့ဒါကို သူတို့ကာထားတဲ့ ခြံစည်းရိုးအတိုင်းလေးဝင်ရတယ်။ တစ်ခါတစ်ခါဆိုကားတွေက ပိတ်မိနေတတ်တယ်။ ဟိုဖက်ကားကစစ်မပြီးသေးဘူး ဒီဖက်ကကားဝင်လာတာ မျိုးတွေမှာပေါ့။ ဒီဂိတ်ကတော့ ကားတွေကိုအဓိကစစ်တယ်။ ကားပေါ်ကလူတွေရဲ့ ကိုယ်ရေးအချက်လက် တွေပေါ့။  လူနာတင်ယဉ်တွေလည်းပါတတ်တယ် ” ဟုပြောသည်။

ကျောက်တော်တပ်မဂိတ်တွင်လည်း ထိုနည်းတူစွာစစ်ဆေးမှုများရှိပြီး တစ်ခါတစ်ရံတွင် ခရီးသည်များကားပေါ်မှ ဆင်းလျှောက်ရသည်များလည်းရှိပြီး ယခုကဲ့သို့ စစ်ဆေးရေးတင်းကျပ်မှုကြောင့် ခရီးသွာလာသူများအနေဖြင့် စိတ်မလုံခြုံမှုနှင့် အချိန်ကြန့်ကြာမှုတို့ကို ဖြစ်စေကြောင်း ဖြတ်သန်းသွားလာနေသူခရီးသည်များက ဆိုကြသည်။

စစ်ကောင်စီဖက်မှ ထိုကဲ့သို့ စစ်ဆေးရေးတင်းကျပ်ခြင်းအပါအဝင် လုံခြုံရေးတင်းကျပ်ခြင်းတို့ ပြုလုပ်နေခြင်းမှာ ULA/AA မှ အာဏာစက်များပိုမိုလွှမ်းမိုးလာမည်ကို စိုးရိမ်၍ဖြစ်ပြီး ထိုသို့လုပ်ဆောင်မှုတို့တွင် ပြည်သူလူထုကို မထိခိုက်အောင် လုပ်ဆောင်ရန်လည်းလိုအပ်သည်ဟု ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦဖေသန်းကပြောသည်။

“ULA/AA ကသူတို့ရဲ့အာဏာစက်ကို ပိုလွှမ်းမိုးလာမှာ ကြောက်တာကြောင့်လည်း အကြောင်းအမျိုးမျိုးပြ စစ်ဆေးမှုတို့လုပ်တာလို့မြင်တယ်။ အဲ့လိုလုပ်တဲ့နေရာမှာတော့ လူထုကိုမထိခိုက်ဖို့လိုမယ်။ သာမန်ပြည်သူတွေ မလိုအပ်ဘဲ အစစ်ဆေးခံ၊ အဖမ်းဆီးခံရရင်တော့ ပြည်သူတွေအနေနဲ့ ထိခိုက်မယ်”ဟုပြောဆိုထားသည်။

စစ်ကောင်စီဖက်မှမှု ဂိတ်အလိုက်စစ်ဆေး‌ရေးတင်းကျပ်မှုနှင့် တစ်ခါတစ်ရံ မြို့နယ်အလိုက် လုံခြုံရေးတင်းကျပ်မှုတို့ လုပ်ဆောင်တတ်ကာ ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယသီတင်းပတ်အတွင်းကဆိုလျှင် ကျောက်ဖြူမြို့၌ အင်အားအမျာ အပြားဖြင့် စစ်ဆေးရေးပြုလုပ်ခဲ့မှု တို့ရှိခဲ့သည်။

ထိုသို့သောအခြေနေတို့ကြောင့် ရခိုင်တွင် နှစ်ဖက်တပ်များ အပစ်ရပ်ထားမှုမှာ ပြည်သူများအတွက် ထိရောက်မှုမရှိဘဲ လတ်တလောတည်ငြိမ်နေသည့် အဆင့်သာရှိသည်ဟု ရခိုင်နိုင်ငံရေးလေ့လာသူများကသုံးသပ် ပြောဆိုကြသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/768418348630927

Leave a Reply

Your email address will not be published.