ရခိုင်မှ မှတ်ပုံတင်ခွင့်ရပါတီများ၏ရုံးများကို အောက်တိုဘာလမကုန်မီ အမြန်ဆုံးဖွင့်လှစ်ရန် စစ်ကောင်စီတွန်းအားပေးနေ

(လူနည်းစုပါတီအချို့ သတ်မှတ်ချိန်အတွင်း ရုံးဆောက်ရန် ငွေကြေးခက်ခဲနေဟုဆို)

By Narinjara / 2023 October     18

ရခိုင်ပြည်နယ်မှ မှတ်ပုံတင်ခွင့်ရပါတီများ၏ ပါတီရုံးများကို အောက်တိုဘာမကုန်မီ အမြန်ဆုံး တည်ဆောက်ဖွင့်လှစ်ရန် စစ်ကောင်စီက တွန်းအားပေးနေကြောင်း သိရသည်။

ပါတီတစ်ခုစီ၏ရုံးများကို အောက်တိုဘာ ၂၆ ရက်မတိုင်မီဆောက်လုပ်ဖွင့်လှစ်ရန် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ညွှန်ကြားထားသည်ဟု မြိုတိုင်းရင်းသားပါတီဥက္ကဋ္ဌ ဦးအေးထွန်းက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“တစ်ပါတီမှာ အနည်းဆုံး မြို့နယ် ၅ ခုနဲ့အထက် ရုံးဆောက်ရမယ်လို့ ပြောထားတယ်။ ကျတော်တို့လို လူနည်းစုပါတီတွေအတွက် အဲဒါတွေက အခက်ခဲရှိပါတယ်။ သူတို့သတ်မှတ်ထားတဲ့ရက်မှာ မဆောက်နိုင်ရင် ဥပဒေအရ ပါတီဖျက်ခံရမယ်”ဟုပြောသည်။

ယင်းအပြင် ပါတီရုံးဆောက်လုပ်ရန်အတွက် ငွေကြေးခက်ခဲသဖြင့် ပါတီမှတ်ပုံတင်ခွင့်လျှောက်ခဲ့စဉ်က UEC ထံသွင်းခဲ့ရသည့် ငွေကျပ်သိန်းတစ်ရာအား ရုံးဆောက်လုပ်ရန် ယာယီပြန်ထုတ်ရန်အတွက်ပင် ပြန်မထုတ်ပေးဟု ၎င်းက ပြောသည်။

“ကော်မရှင်ငွေစာရင်းဌာနက စီးပွားရေးဘဏ်ကို ငွေထုတ်ခွင့်မပေးဘူးလို့ တားစာပို့ထားတယ်တဲ့။ ရွေးကောက်ပွဲကျမှ ထုတ်ရမယ်တဲ့”ဟုပြောသည်။

မြိုတိုင်းရင်းသားပါတီတွင် ရုံးဆောက်ရမည့်မြို့နယ်များမှာ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်တို့ဖြစ်ကြသည်ဟု သိရသည်။

ပါတီရုံးများတည်ဆောက်ဖွင့်လှစ်ရန်အတွက် သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့် စည်ပင်တို့ကို တင်ပြနေရသည်ဟုလည်း ခမီအမျိုးသားဖွံ့ဖြိုးရေးပါတီပြောခွင့်ရ ဦးသန်းဌေးက နိရဥ္စရာကိုပြောသည်။

“တရားဝင် နိုင်ငံရေးပါတီအနေနဲ့မှတ်ပုံတင်ထားတော့ ရုံးတွေကိုပြီးအောင်ဆောက်ဖို့ ကြိုးစားနေပါတယ်။ ကျနော်တို့ ပုဏ္ဏားကျွန်းမှာဆိုရင် ရုံးဖွင့်မယ့်တည်နေရာကိုပြတော့ မြို့နယ်ကော်မရှင်က လက်မခံဘူး။ ရုံးရဲ့ ဥပဓိရုပ်နဲ့မပြည့်စုံဆိုတဲ့သဘောမျိုးဖြစ်တယ်ပြောတယ်။ တခြားနေရာတစ်ခုမှာ လုပ်ပေးဖို့ပြောတယ်”ဟု ပြောသည်။

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတွင် စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ဘူးသီးတောင်တို့တွင် ရုံးခန်းများဖွင့်လှစ်ရမည်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင်ဝင်ပြိုင်မည့် ပါတီများတွင် ရုံးဆောက်မည်ဆိုပါက မြို့နယ်အားလုံး၏ထက်ဝက်ခန့်တွင် ရုံးဆောက်ပေးရမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်မှ မှတ်ပုံတင်ခွင့်ရရှိထားသည့် ပါတီများမှာ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ မြိုတိုင်းရင်းသားပါတီ (MNP)၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(MNDP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ(RSNUP)တို့ဖြစ်သည်။

အဆိုပါပါတီ ၅ ခု၏ ပါတီဝင်များ၏ အမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာတို့မှာ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့စဉ်ကနှင့် ယခုလက်ရှိ အခြေအနေမှာ ကွဲလွဲမှုများဖြစ်ပေါ်နေ၍ အချက်အလက် အမှန်များအဖြစ် ပြန်လည်ပြင်ဆင်ကာ အောက်တိုဘာ ၃၀ ရက်နောက်ဆုံးထားပြီး UEC ထံ ပြန်လည်ပေးပို့ရန် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားကြောင်းလည်း သိရသည်။

သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က အတည်ပြုထားသည့်ပါတီဝင်စာရင်းများနှင့် ပယ်ထားသည့်ပါတီဝင်စာရင်းတို့ကို ပါတီများအား တစ်စုံတစ်ရာအကြောင်းပြန်မှုမရှိသေးခြင်းကြောင့် ကွဲလွဲနေမှုများကို ပြန်လည်ပြင်ဆင်ပေးပို့နိုင်ခြင်းမရှိသေးဟု သိရသည်။

ယခုလို UEC က တိတိကျကျမထုတ်ပြန်သည့်အတွက် မှတ်ပုံတင်ခွင့်ရပါတီများမှာ သတ်မှတ်ထားသည့် အောက်တိုဘာ ၃၀ ရက်တွင် မတင်ပြနိုင်ပါက ပါတီများဖျက်သိမ်းခံနိုင်ရသည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

ရခိုင်မှ နိုင်ငံရေးပါတီ ၆ ခုသည် မှတ်ပုံတင်ခွင့်ပေးရန် UEC ထံ လျှောက်ထားခဲ့ကြပြီး ယင်းအနက် မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(MNDP)ကို ဇူလိုင်လ ၃ ရက် တွင်လည်းကောင်း၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို မေလ ၅ ရက်တွင်လည်းကောင်း၊ မြိုတိုင်းရင်းသားပါတီ(MNP)ကို မေလ ၄ ရက်တွင်လည်းကောင်း၊  ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ(RSNUP)ကို မေလ ၂ ရက်တွင်လည်းကောင်း UEC က မှတ်ပုံတင်ခွင့်ပြုထားပြီဖြစ်သည်။

ရခိုင်အမျိုးသားပါတီ(ANP)တစ်ခုတည်းကို ယနေ့အချိန်ထိ UEC က မှတ်ပုံတင်ခွင့်မပေးသေးဟု သိရသည်။

https://www.facebook.com/narinjara.info/posts/724705373029928

Leave a Reply

Your email address will not be published.