ရခိုင်မှာ e-ID စာရင်း ပြည်နယ်စစ်ကောင်စီ စတင်ကောက်ယူ

By Western News / 2023 October     24

အာဏာသိမ်းစစ်ကောင်စီက e-Government ဖြစ်ရေး National Database စနစ် တည်ဆောက်ရန် ပြင်ဆင်နေ၍ ရခိုင်ပြည်တွင်လည်း e-ID စာရင်းကို ပြည်နယ်စစ်ကောင်စီက စတင်ကောက်ယူနေကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ကစပြီး ဌာနဆိုင်ရာဝန်ထမ်းများအား စတင်ကောက်ယူနေကြောင်း ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ထုတ်ပြန်ထားသည်။

စစ်တွေမြို့ရှိ ပြည်နယ်စစ်ကောင်စီရုံးချုပ်မှ ဝန်ထမ်းများ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရသေ့တောင်မြို့နယ်အတွင် ဌာနဆိုင်ရာဝန်ထမ်းများအား စတင်ကောက်ယူခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများနှင့် မိသားစုဝင်များတို့ကိုလည်း ကောက်ယူခဲ့ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံသားများအား Smart Card ထုတ်ပေးနိုင်ရေးအတွက် Face ID ခေါ်သည့် မျက်နှာပုံရိပ်ဖမ်းခြင်း၊ လက်ဗွေယူခြင်း၊ နိုင်ငံသားတစ်ဦးချင်း၏ အချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခဲ့ကြောင်း ဦးလှသိန်းက ဆိုသည်။

“လေကြောင်းနဲ့ နိုင်ငံခြားသွားဖူးသူတွေ လေဆိပ်မှာ လူဝင်မှုက check လုပ်သလိုပါဘဲ။ နိုင်ငံသားစိစစ်ရေးကဒ်ထဲက လူနဲ့ ကိုင်ဆောင်သူတစ်ထပ်တည်း မကျတာတွေ ရှိပါတယ်။ နိုင်ငံသားမဟုတ်ဘဲ နိုင်ငံသားစိစစ်ရေးကဒ် မသာမာနည်းနဲ့ ကိုင်တာတွေရှိပါတယ်။ စာရင်းကောက်ထားတာက ကွန်ပြူတာစနစ်အခြေခံထားတော့ ဘယ်အရပ်ရောက်ရောက် Face ID ကြည့်လိုက်တာနဲ့ ဒီလူက အမှန်တကယ် နိုင်ငံသား ဟုတ် မဟုတ်ခွဲခြားနိုင်ပါတယ် ” ဟု ပြောသည်။

ပထမဦးစွာ အသက် ၁၈ နှစ်အထက်ကို စတင်ကောက်ယူနေပြီး Biometric Enrollment နှင့် UID Management System အသုံးပြု အချက်အလက် ကောက်ယူပြီးသူများကို Database တွင် သိမ်းဆည်း၍ ဂဏန်း ၁၀ လုံးပါဝင်သော Unique ID နံပါတ်တစ်ခုစီ သတ်မှတ်ထုတ်ပေးကာ National ID ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

e-ID ဟု ခေါ်သည့် အီလက်ထရောနစ်နည်းပညာသုံးစနစ်ဆိုသည်မှာ နိုင်ငံအတွင်းတွင် တရားဝင်မှီတင်းနေထိုင်နေကြသူအားလုံး၏ ကိုယ်ရေးအချက်အလက်များကို ခေတ်မီနည်းပညာ ကွန်ပျူတာစနစ်ကိုအသုံးပြုပြီး အစိုးရ၏ Database ထဲတွင် သိမ်းဆည်းထားခြင်းဖြစ်သည်။

လိုအပ်ပါက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက် အလက်များကို ပြန်လည်ရှာနိုင်ရန် လူတစ်ဦးချင်းစီ၏ Unique Identification Number များ ထုတ်ပေးခြင်း၊ တစ်နည်းအားဖြင့် e-Government အောင်မြင်ရန်လစ်ဟာနေသည့် Human Resource Database ဖြစ်သည်။

နိုင်ငံတကာတွင် e-ID စနစ်ပြုလုပ်ခြင်းသည် အခြေခံအားဖြင့် နိုင်ငံသားများကို ကာကွယ်နိုင်ရန်နှင့် အုပ်ချုပ်ရန်အတွက် Human Resource Database၊ စီးပွားရေးလုပ်ငန်းများအပေါ် လိမ်လည်ရောင်းဝယ်မှု၊ ထိန်းချုပ်မှုတို့ကို ကာကွယ်ပေးနိုင်ရန်အတွက် Business Database တို့ဖြစ်သည်။

ယင်းအပြင် ရွှေ့ပြောင်းနိုင်သည့်ယာဉ်များကို ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများ ယာဉ်အန္တရာယ်မှ ကာကွယ်ပေးနိုင်ရန် Asset Database၊ အိုးအိမ်တိုက်တာများကဲ့သို့ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို ထိန်းချုပ်ရန်နှင့် ရောင်းမှား၊ ဝယ်မှား ဖြစ်မှုများကို ကာကွယ်နိုင်ရန် Property Database တို့ဖြစ်ပြီး e-ID စနစ်တွင် မရှိမဖြစ်လိုအပ်သည့် Database များဖြစ်သည်။

မြန်မာနိုင်ငံတွင် e-ID စနစ် ပြုလုပ်ခြင်းဖြင့် နိုင်ငံတော်အတွက်လိုအပ်သည့် အချက်အလက်များကို တစ်နေရာတည်းတွင် ရရှိနိုင်ခြင်း၊ e-Government ပြုလုပ်ရာတွင် အထောက်အကူဖြစ်ခြင်းနှင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ပိုမိုလွယ်ကူစွာ တည်ဆောက်နိုင်မည်ဟု စစ်ကောင်စီက ပြောသည်။

ယင်းအပြင် ရွေ့ပြောင်းနိုင်သည့်ယာဉ်များကို ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများ ယာဉ်အန္တရာယ်မှ ကာကွယ်ပေးနိုင်ရန် Asset Database၊ အိုးအိမ်တိုက်တာများကဲ့သို့ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို ထိန်းချုပ်ရန်နှင့် ရောင်းမှား၊ ဝယ်မှား ဖြစ်မှုများကို ကာကွယ်နိုင်ရန် Property Database တို့ဖြစ်ပြီး e-ID စနစ်တွင် မရှိမဖြစ်လိုအပ်သည့် Database များဖြစ်သည်။

မြန်မာနိုင်ငံတွင် e-ID စနစ် ပြုလုပ်ခြင်းဖြင့် နိုင်ငံတော်အတွက်လိုအပ်သည့် အချက်အလက်များကို တစ်နေရာတည်းတွင် ရရှိနိုင်ခြင်း၊ e-Government ပြုလုပ်ရာတွင် အထောက်အကူဖြစ်ခြင်းနှင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ပိုမိုလွယ်ကူစွာ တည်ဆောက်နိုင်မည်ဟု စစ်ကောင်စီက ပြောသည်။

https://www.facebook.com/westernnewsagency/posts/769006408572121

Leave a Reply

Your email address will not be published.