ရခိုင်ပြည်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်မှု ဒေသခံများ လိုလားမှုမရှိ

By Western News / 2023 October     7

၂၀၁၉ ခုနှစ်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာတပ်နယ်(မုန်တိုင်)၌ စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု

ရခိုင်ပြည် မြို့နယ်အချို့တွင် စစ်ကောင်စီမှ လက်နက်ကြီးစမ်းသပ်ပစ်ခတ်မှုကို ရက္ခိုင့်တပ်တော် ULA/AA နှင့် အပစ်ရပ်ပြီးနောက် ခပ်စိပ်စိပ်ပြုလုပ်လာသော်လည်း ယခုလပိုင်းအတွင်းမှာ ဆက်တိုက်ပြုလုပ်လာနေ၍ ဒေသခံပြည်သူများက လိုလားမှုမရှိဖြစ်နေကြသည်။

ရက္ခိုင့်တပ်တော်နှင့် အပစ်ရပ်ပြီးနောက် ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့တွင် ပြီးခဲ့သည့် စက်တင်ဘာလအထိ အကြိမ်ရေ ၂၀ ထက်မနည်း ပြုလုပ်ခဲ့ပြီး တစ်ကြိမ်စမ်းသပ်ပစ်ခတ်လျှင် ၂ ရက်မှ ၃ ရက်အထိ ကြာတတ်သည်။

အဆိုပါ မြို့များ၌ အကြိမ်ရေ ၂၀ ထက်မနည်း စမ်းသပ်ပစ်ခတ်မှုမှာ လက်နက်အမျိုးအစား အများအပြားဖြင့် ပစ်ခတ်ခဲ့ပြီး ပစ်ချက်ပေါင်းလည်း ရာနှင့်ချီရှိခဲ့ကာ ဒေသခံများ စိုးရိမ်မှု မြင့်တက်မှုများလည်း ရှိနေခြင်းလည်း ဖြစ်သည်။ 

ယခုလ အောက်တိုဘာလ ၂ ရက်နေ့စပြီး ကျောက်ဖြူမြို့နယ် ပင်လယ်ပြင်နှင့် တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်တို့က လက်နက်ကြီး၊ လက်နက်ငယ်များကို စမ်းသပ်ပစ်ခတ်နေသည်မှာ အောက်တိုဘာလ ၆ ရက်နေ့အထိ ဖြစ်လာနေသည်။

အောက်တိုဘာလ ၂ ရက်နေ့က ကျောက်ဖြူမြို့နယ် စနဲမြို့အနီး တောင်မော်ဦးရေတပ်စခန်းမှ ပစ်ခတ်ခဲ့သလို ၃ ရက်နေ့တွင် သစ်ပုတ်တောင်ကျေးရွာအနီး ဓညဝတီရေတပ်စခန်းမှ ပစ်ခတ်ခဲ့ပြီး အောက်တိုဘာ ၄ ရက်နေ့တွင် တောင်ကုတ်မြို့နယ် သရဂူကျေးရွာအနီး စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးလက်နက်ငယ်များ စမ်းသပ်ပစ်ခတ်ခဲ့သည်။

တောင်ကုတ်ဒေသခံ ဦးတင်မောင်ဦးက “စစ်ကောင်စီက လက်နက်ကြီးစမ်းသပ်တာ ပုံမှန်ဆိုပေမယ့် ဒေသခံတွေအတွက်တော့ စိုးရိမ်စရာဖြစ်ပါတယ်။ လက်နက်သံတွေက ဒေသခံပြည်သူတွေကို စိုးရိမ်းစိတ်ထိခိုက်စေတယ်။ အပစ်ရပ်ကာလမှာ လက်နက်သံတွေကြားတာက ဒေသခံတွေထင်က စစ်ပွဲ ပြန်ဖြစ်လာတော့မှာလား အဲလို စိုးရိမ်နေကြတာ။ ဒီတစ်ခေါက် စစ်ဖြစ်ကြရင်တော့ ရခိုင်တပြည်လုံးကို သက်ရောက်မှာ မြို့နယ်တိုင်းလိုလိုမှာ စစ်ဖြစ်ကြမှာ” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးအပတ်က မာန်အောင်မြို့နယ် ပင်လယ်ပြင်၌ စစ်ကောင်စီမှ ပြုလုပ်ခဲ့သည့် လက်နက်ကြီးစမ်းသပ်ပစ်ခတ်မှုသည် အနီးအနားကျေးရွာများသာမက မြို့အပေါ်မထိပါ ကြားခဲ့ရမှုအပေါ် တိုက်ပွဲများ ပြန်ဖြစ်နေပြီလားဟု ဒေသခံများက စိုးရိမ်သွားကြသည်ဟု မာန်အောင်မြို့နယ် ဒေသခံ ဦးလှစိန်ထွန်းက ဆိုသည်။

“စစ်ကောင်စီက ကြိုတင်သတိပေးခဲ့တယ်လို့တော့ ပြောတာပဲ။ ဒါပေမယ့် လူမှုကွန်ရက်ကသာ အသိပေးထုတ်တာဆိုတော့ မြေပြင်မှာ ပြည်သူတွေ မသိတဲ့သူတွေများတယ်လေ။ မသိကြတဲ့သူတွေအတွက် ချက်ချင်း လက်နက်သံတွေကို ကြားလိုက်တော့ အရမ်းအံ့ဩပြီးတော့ စိုးရိမ်သွားကြတောပေါ့” ဟု ပြောသည်။

မင်းပြားမြို့နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည်များအား လူမှုကူညီကယ်ဆယ်ရေးပြုလုပ်နေသော ကိုအမ်းသားကြီးက စစ်ကောင်စီမှ လက်နက်ကြီး စမ်းသပ်ပစ်ခတ်လာခြင်းသည် ငြိမ်သက်နေသော သေနတ်သံများကို ပြန်လည်အသက်သွင်းနေနှင့် တူသည်ဟု ပြောသည်။

“စစ်ကောင်စီက လက်နက်ကြီးစမ်းသပ်ပစ်ခတ်နေတာဟာ တိုက်ပွဲတွေ ပြန်ခေါ်နေတာနဲ့အတူတူပဲ။ ဒါက ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့အတွက် စစ်ကောင်စီမှ လက်နက်ကြီးစမ်းသပ်ပစ်ခတ်တာကို မလုပ်စေချင်ဘူး။ ဒေသခံတွေအတွက်လည်း စိုးရိမ်စရာဖြစ်တယ်။ မလုပ်တာအကောင်းဆုံးပါဘဲ” ဟု ပြောသည်။

မင်းပြားမြို့နယ်ရှိ ခမရ ၃၇၉ တပ်ရင်းမှ ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့က ဘူးပင်၊ ဆင်ကြီးပြင်(ရခိုင်)၊ ဆင်ကြီးပြင်(မွတ်ဆလင်)၊ ဘူးချောင်းကြီး၊ ဘားဘူတောင်၊ င/တင်ဗျင်း စသည့်ကျေးရွာအနီးတွင် လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်ခဲ့သည်။

ဇူလိုင်လ ၂၁ ရက်က ကျောက်တော်မြို့ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး အနီးအနားမှ နဂရာကျေးရွာ၊ ရုတ်သားကျေးရွာနှင့် ခေါင်းတုတ်ကျေးရွာတို့က ပစ်ခတ်သံများကြားခဲ့ရသည်။

ဇူလိုင်လ ၁၂ ရက်နေ့ကလည်း မင်းပြားမြို့နယ်မှ စစ်ကောင်စီသင်တန်းကျောင်း တိုင်းဗဟို (၉) က လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခဲ့ပြီး ဇွန်လ ၇ ရက် နှင့် ၈ ရက် တို့တွင်လည်း တိုင်းဗဟို (၉) မှ လက်နက်ငယ်များ နှစ်ရက်ဆက်တိုက် စမ်းသပ်ပစ်ခတ်ခဲ့သည်။

မြောက်ဦးမြို့တွင်လည်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့မှ ပြီးခဲ့သည့် မေလ ၁၉၊ ၂၀ ရက်တို့တွင် လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်မည်ကို ဒေသခံများက ကန့်ကွက်မှုကြောင့် ပြန်လည်ရုပ်သိမ်းခဲ့ရသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ လူသားချင်းစာနာမှုအရ အပစ်အခတ်ရပ်နားထားသည်မှာ ၂၀၂၂ ခုနှစ်၊ နိုင်ဝင်ဘာလ ၂၆ ရက်ကနေ ယနေ့အချိန်အထိဖြစ်ပြီး ရခိုင်ပြည်အတွင်း တိုက်ပွဲများငြိမ်သက်နေသည်မှာ တစ်နှစ်ပြည့်နီးပါး ရှိလာပြီဖြစ်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/758603602945735

Leave a Reply

Your email address will not be published.