ရခိုင်တွင် ၄၉ ရက်အတွင်း အမျိုးသမီးများအား အဓမ္မကျူးလွန်မှု ဖြစ်စဥ် ၇ ခုအထိရှိခဲ့

By Western News / 2023 October     19

ရခိုင်တွင် ယခု ၂၀၂၃ စက်တင်ဘာနှင့် လက်ရှိအောက်တိုဘာ ၁၉ ရက်နေ့အထိ ၄၉ ရက်အတွင်း မြို့နယ်အနှံ့ အဓမ္မကျူးလွန်မှုဖြစ်စဥ် ၇ ခုအထိဖြစ်ပွားမှုရှိခဲ့ပြီး ယင်းအထဲတွင် သက်ငယ်အဓမ္မပြုကျင်မှု ပိုမို များပြားလားသည်ကို တွေ့ရသည်။

အဓမ္မကျူးလွန်မှုဖြစ်စဉ်များမှာ ယခုအောက်တိုဘာလထဲတွင် ပိုမိုများပြားလာပြီး ကျူးလွန်ခံရမှု ဖြစ်စဉ်များတွင် ကလေးငယ်များအပြင် မသန်စွမ်းသူများ စိတ်ဝေဒနာရှင်များ ပါဝင်နေသည်ကိုတွေ့ရကာ ကျေးလက်ဒေသတို့တွင် အဖြစ်များကြောင်း တွေ့ရသည်။

ထိုအထဲတွင် သက်ငယ်မုဒိမ်းမှုဖြစ်ပွားခဲ့သည့် ဒေသများမှာလည်း ပေါက်တောမြို့နယ် သရက်ချောင်းကျေးရွာ၊ ရသေ့တောင်မြို့နယ် အလယ်ကျေးရွာ၊ မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်နှင့် စစ်တွေမြို့ မင်းဂံရပ်ကွက်တို့ဖြစ်ပြီး တစ်ခြားအဓမ္မပြုကျင့်ခံရမှုဖြစ်စဉ်တို့မှာ ပေါက်တောမြို့နယ် ငရီချိုင်ကျေးရွာ၊ ပေါက်တောမြို့နယ် တောင်ပုက္ကေကျေးရွာ၊ မြေပုံမြို့နယ် ကုန်ဘောင်ကျေးရွာ၊ ကျောက်တော်မြို့နယ် လိပ်မကျေးရွာနှင့်  ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တော ကျေးရွာတို့တွင်ဖြစ်သည်။

ထိုဖြစ်စဉ်များထဲတွင် ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောမှ အသက် ၃၅ နှစ်အရွယ်ရှိ အလယ်တန်းပြ ဆရာမ ဒေါ်နှင်းယုနွယ်မှာ စက်တင်ဘာ ၁၆ ရက်နေ့တွင်အဓမ္မပြုကျင့်ခံရပြီးသတ်ဖြတ်ခံရခြင်း၊ စစ်တွေ မင်းဂံရပ်ကွက်မှ အသက် ၁၁ နှစ်အရွယ် မသန္တာဝင်းမှာ မတ်လ ၁၆ ရက်နေ့တွင် အဓမ္မပြုကျင့်ခံရပြီး ရိုက်နှက်ဒဏ်ရာများဖြင့်သေဆုံးသွာခြင်းတို့ရှိခဲ့သည်။

ထိုကဲ့သို့ များပြားလာသည့် အဓမ္မကျူးလွန်မှုဖြစ်စဉ်များလျော့ချရန် လိင်အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် ထိရောက်သည့်အရေးယူမှုတို့ လုပ်ဆောင်ရန်လိုအပ်သည်ဟု အမျိုးသမီးအရေးတက်ကြွ လှုပ်ရှားသူတစ်ဦးကဆိုသည်။

“ဖြစ်စဉ်တွေကိုကြည့်ရင် မြင်နိုင်လိမ့်မယ်။ ဒါဟာ နယ်ဖက်တွေမှအဖြစ်များတာ၊ ဆင်းရဲနွမ်းပါးတဲ့ မိသားစု(သို့မဟုတ်) တတ်သိပညာတွေမရှိတဲ့ မိသားစုလိုမျိုးတွေမှာ ကျမတို့ဒီလိုဖြစ်စဉ်တွေကို တွေ့ရလိမ့်မယ်။ ဒါဟာဘာလိုအပ်နေလဲဆိုတာ ပြနေရာလည်းရောက်တယ်။ ဒါကြောင့် လိင်အသိပညာပေးအစီစဉ်တွေကို အကောင်အထည်သေချာဖော်ပြီး လုပ်ဆောင်ပေးဖို့လိုအပ်တယ်။ နောက်တစ်ခုက ကျူးလွန်တဲ့သူဆိုရင် ပြစ်မှုအတွက် ထိုက်တန်တဲ့ အပြစ်ပေးတာအပြင် ဒီလိုလူဟာ ဒီလိုပြစ်ဒဏ်မျိုးကျခံရတယ်ဆိုတာကိုလည်း တစ်ခြားသူတွေကြားသိနိုင်အောင်လုပ်ဆောင်ခြင်းကလည်း ထိရောက်မှုတစ်မျိုးဖြစ်မယ်လို့မြင်တယ်” ဟုပြောသည်။

အဓမ္မကျူးလွန်မှုဖြစ်စဉ်များတွင် ကျူးလွန်သူများမှာ အသက် ၂၀ မှ ၅၀ ကြားနှင့် ကျူးလွန်ခံရသူများမှာ အသက် ၅ နှစ်မှ ၃၅ နှစ်အတွင်း အများဆုံးရှိနေတတ်ကြောင်းတွေ့ရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ULA/AA က တရားခံများအား စစ်ဆေးမှုရှိနေသလို တစ်ချို့မှာ အရေးယူဆောင်ရွက်မှု မရှိသည်ကိုတွေ့ ရသည်။

ယင်းအပြင် အဓမ္မမှုဖြစ်ပေါ်လာရခြင်းအကြောင်းရင်းများထဲတွင် အရက်သေစာ သောက်စားခြင်းနှင့် အလုပ်လက်မဲ့ဖြစ်ခြင်း အခြေနေတို့မှာ အဓိကပါဝင်နေသည်ဟု အဓမ္မကျူးလွန်မှုဆိုင်ရာ တရာရေးအတွေ့အကြုံများနှင့်ဆက်စပ်၍ အမျိုးသမီးတရား လွှတ်တော်ရှေ့နေတစ်ဦးက ပြောဆိုထားသည်။

“မုဒိမ်းမှုဖြစ်စဉ်တွေမှာ ကျူးလွန်သူဟာ အရက်သေစာသောက်စားထားမှုအများဆုံးတွေ့ရတယ်။ နောက်ပြီး ကျူးလွန်သူအများစုဟာ တတ်သိပညာရှိသူထက် ကြုံရာလုပ်ကိုင်ရင်း ဘဝရပ်တည်နေသူတွေများတယ်။ ဒီအကြောင်းရင်းတွေဟာလည် ဒီဖြစ်စဉ်တွေအပေါ် အနည်းနဲ့အများတော့ ပါဝင်ပတ်သက် နေတယ် လို့ပြောရမယ်” ဟုဆိုသည်။

လက်ရှိအဓမ္မကျူးလွန်မှုဖြစ်စဥ်များတွင် အိမ်နီးနားချင်းမှ ကျူးလွန်ခြင်း၊ ဆွေမျိုးနှင့် ရင်းနှီးသူများမှ ကျူးလွန်းခြင်း တို့ကို အများဆုံးတွေ့ရတတ်ပြီး ပြီးခဲ့သည့် ၁၀ လကျော်ကြာကာလ အတွင်းကလည်း မင်းပြားမြို့တွင် ဖခင်ဖြစ်သူမှ သမီးအရင်းအား အဓမ္မပြုကျင့်မှုတို့ရှိခဲ့ပြီး ကိုယ်ဝန်ရနေသည့်ဖြစ်စဥ်များ အထိရှိခဲ့သည်။

ရခိုင်မှာ အဓမ္မပြုကျင့်မှု ဆက်တိုက်ဖြစ်လာခြင်းသည် တရားဥပဒေစိုးမိုးမှု လျှော့နည်းလာခြင်းနှင့် အသိပညာအားနည်းခြင်းကြောင့်ဟု ရခိုင်အမျိုးသမီးရှေ့ဆောင်အဖွဲ့မှ ဒေါ်စောစံငြိမ်းသူက ပြောသည်။

“ပထမတစ်ချက်က နိုင်ငံဒေသအတွင်းမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့ လက္ခဏာကို ပြနေတာဖြစ်တယ်။ နောက်တစ်ချက်ကတော့ တောက်လျှောက်ကျူးလွန်မှုတွေ ဖြစ်နေတယ်။ ကျူးလွန်မှုဖြစ်တိုင်း ဒေသတွင်းတင်မက နိုင်ငံအတိုင်းအတာအနေနဲ့ သိရှိခဲ့တဲ့အမှုကိစ္စတွေရှိခဲ့ပေမယ့် အဓိကက ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်မှုမရှိတဲ့ အခြေနေမျိုးဖြစ်နေတယ်။ ဒါဟာ ကျူးလွန်သူတွေကို နောက်ထပ်တစ်ခါကျူးလွန်ဖို့နဲ့ တစ်ခြားသူတွေကိုလည်း ကျူးလွန်လို့ရနေတယ်ဆိုတဲ့ အခွင့်ရေးတစ်ခုအနေနဲ့ရှိ နေသလိုဖြစ်နေတယ်။ ဒါကြောင့် ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးဘူးဆောင်ရွက်နိုင်ဖို့လိုအပ်တယ်” ဟု ပြောသည်။

ရခိုင်တွင် အဓမ္မပြုကျင့်မှုဖြစ်စဥ်များမှာ လတ်တလောများပြားလာပြီး လက်ရှိ သီတင်းပတ် ၂ ပတ်ကျော်ကာလအတွင်း အဓမ္မကျူးလွန်ခံရမှုဖြစ်စဉ်များ ၄ ခုအထိ ဆက်တိုက်နီပါးပေါ်ပေါက်ခဲ့ကာ အဆိုပါဖြစ်စဥ်များအပြင် ထိုသို့သောအခြေနေတို့ကြောင့် အမျိုးသမီးများအနေဖြင့် စိတ်မလုံခြုံမှုကို ပိုမိုခံစားလာရမှုတို့ရှိလာကြသည်။

မြန်မာနိုင်ငံတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၇၆ မှာ အသက် ၁၂ နှစ်အောက်နှင့် မသန်စွမ်းအမျိုး သမီးများအပေါ် အဓမ္မကျူးလွန်သူများအား  အနည်းဆုံးထောင်ဒဏ် နှစ် ၂၀ မှ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

https://www.facebook.com/westernnewsagency/posts/766233228849439

Leave a Reply

Your email address will not be published.