By Narinjara / 2023 October 9

ရခိုင်ပြည်နယ်တွင် ရက်ပေါင်း (၁၀၀)အတွင်း တစ်ဘက် ဘင်္ဂလားဒေ့ချ်နိုင်ငံမှ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မွတ်ဆလင် (၄၆) ဦးနှင့် ခရစ်ယာန် သင်းအုပ်ဆရာတစ်ဦးတို့ ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။
သူတို့ကို ဇူလိုင်လ (၁) ရက်မှ အောက်တိုဘာလ (၇)ရက်အတွင်း မောင်တောနှင့် စစ်တွေမြို့နယ်များတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဇူလိုင်တွင် ၂ ဦး၊ သြဂုတ်တွင် ၂၉ ဦး၊ စက်တင်ဘာတွင် ၁၃ ဦးနှင့် အောက်တိုဘာလတွင် ၃ ဦး၊ စုစုပေါင်း ၄၇ ဦးဖြစ်သည်။
ယင်းအထဲတွင် တစ်ဘက်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသည့် မောင်တောမြို့နယ်တွင် ဖမ်းဆီးရမိမှုအကြိမ်ရေ အများဆုံးဖြစ်ပြီး စစ်တွေမြို့နယ်တွင်လည်း ဖမ်းမိမှုတစ်ကြိမ်ရှိခဲ့သည်ဟု သိရသည်။
စစ်တွေမြို့နယ်တွင်ဆိုလျှင် စက်တင်ဘာလ ၂၃ ရက်က ဘုမေကျေးရွာရှိ စစ်တွေ-ပလ္လင်ပြင်သွားလမ်းနှင့် ဘုမေကျေးရွာအုပ်စု၊ မှန်စီ-သက္ကေပြင်သွားလမ်းဆုံတို့တွင် မှန်စီရဲစခန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အထောက်အထားမဲ့ ဝင်ရောက်လာသူ ၄ ဦးကို ဖမ်းမိခဲ့သည်။
မောင်တောမြို့နယ်တွင်ဆိုလျှင် ဂေါတူသာရ ချောင်းဝနှင့် မှိုဝင်ချောင်းဝအအကြားနေရာ၊ ပြင်ဖြူ ချောင်းအနီးနေရာနှင့် တောင်ပြိုလက်ဝဲ ခြံစည်းရိုးအနီးစသည့်နေရာများတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ စစ်ကောင်စီ၏ထုတ်ပြန်ချက်မှာ မြေပြင်အခြေအနေနှင့် များစွာကွဲလွဲမှုရှိနေသည်ဟုလည်း မောင်တောမြောက်ပိုင်းမှ ဒေသခံတစ်ဦးက ပြောသည်။
“အလယ်သံကျော်ဆိုရင် အရေးခင်းတုန်းက ၂ အိမ်လောက်ပဲ ကျန်တယ်။ အခုဆို တစ်ရွာလုံးပြည့်သွားပြီ။ ကြက်ရိုးပြင်တို့၊ ဦးရှည့်ကျရွာတွေမှာလည်း ဒီအတိုင်းပဲ။ အားလုံးပြည့်သွားပြီ။ ဒါတွေက အစိုးရကို စာရင်းပေးပြီး ပြန်လာတာလား။ ဘယ်လိုပြန်လာတယ်ဆိုတာတော့ မသိဘူး။ မြေပြင်အခြေအနေက ဒီတိုင်းပဲမြင်တယ်”ဟု ပြောသည်။
အောက်တိုဘာလ ၇ ရက်က တောင်ပြိုလက်ဝဲ ခြံစည်းရိုးအနီးဖမ်းဆီးရမိသူမှာ ခရစ်ယာန် သင်းအုပ်ဆရာတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံကိုသွားရောက်ရန် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါဖမ်းမိသူများအနက် အချို့ကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှု လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားပြီး တချို့ကိုလည်း အမှုဖွင့်ရန် ထိန်းသိမ်းထားကြောင်း သိရသည်။ (NN-14)
https://www.facebook.com/narinjara.info/posts/719056100261522