ရခိုင်တွင် မြို့နယ်အနှံ့ လျှပ်စစ်မီးပြန်လည် ပြတ်တောက်မှု များလာ

By Western News / 2023 October     13

ယခုလမှ စ၍ ရခိုင်ပြည်အတွင်းက မြို့နယ်အသီးသီးများတွင် လျှပ်စစ်မီး ဆက်တိုက်ပြတ်တောက်မှုတို့ ဖြစ်ပေါ်လာနေပြီး တစ်ကြိမ် ပြတ်လျှင် ၅ နာရီအထက် ရှိလာကြောင်း မြို့နယ်ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် ၂ လခန့်လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် ရခိုင်တွင် လျှပ်စစ်မီးပြန်လည်ရရှိချိန်၌ ၂၄ နာရီ ရရှိခဲ့သော်လည်း ယခုအောက်တိုဘာလအတွင်းမှစ၍ နာရီများစွာကြာ မီးပြတ်တောက်မှုတို့ရှိလာ နေခြင်း ဖြစ်သည်။

တောင်ကုတ် ဒေသခံတစ်ဦးက “လျှပ်စစ်မီးစပြတ်တာ ၄ ရက်လောက်တော့ရှိပြီ။ တစ်ကြိမ်ပြတ်ရင် ၅ နာရီကြာရင်လည်းကြာတယ်။ နာရီဝက်လောက်ဖြစ်ရင်လည်းဖြစ်တယ်။ ဒီလိုပြတ်တာ တစ်ရက်မှာ ၂ ကြိမ်ကနေ ၃ ကြိမ်အတွင်းရှိတယ်” ဟုပြောသည်။

လျှပ်စစ်မီးပြတ်တောက်နေမှုမှာ တောင်ကုတ်အပြင် ရခိုင်ပြည်ရှိ တစ်ခြားမြို့နယ်များဖြစ်သည့် မြေပုံ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့်မြို့နယ်အသီးသီးတွင်လည်း ပြတ်တောက်မှုရှိနေသည်။

လျှပ်စစ်မီးများပြန်လည် ဖြတ်တောက်ဆိုသည်ကိုလည်း စစ်ကောင်စီဘက် က သီးခြားထုတ်ပြန်ချက်မရှိဘဲ သတ်မှတ်ချိန်များ ပြန်လည်ထုတ်ပြန်ပေးရန် လိုအပ်သည်ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

“ခဏခဏလိုလိုပြတ်လာပါတယ်။ ဘယ်အချိန်ဆိုတာမျိုးမရှိဘူးပေါ့နော်။ ဒီလိုဖြတ်မယ်ဆိုရင် အချိန်ကိုသေချာလေး ထုတ်ပြန်ပေးရင် ပိုအဆင်ပြေမယ်။ ဘယ်အချိန်ပြတ်မယ်မှန်းမသိရင် ပြည်သူတွေ အနေနဲ့လည်း အခက်တွေ့စေတယ်” ဟုပြောသည်။

ယခုကဲ့သို့ လျှပ်စစ်မီးများပြတ်တောက်လာမှုအခြေနေအား ပုဏ္ဏားလျှပ်စစ်ဓာတ်အားခွဲရုံမှ ဦးစီးအရာရှိ(၁၄) ဒေါ်ဝင်းတင်ခိုင်အား မေးမြန်းကြည့်ရာ စက်ချို့ယွင်းမှုနှင့် ဓာတ်အားထုတ်လုပ်မှုလျှော့နည်းခြင်းတို့ကြောင့် ဖြစ်ပြီး ယခုဖြစ်စဉ်များမှာ ရေရှည်ဖြစ်ရန်မရှိဟု ပြောသည်။

“ရေအားလျှပ်စစ်ပေးတဲ့နေရာမှာ ပြီးခဲ့တဲ့ ၁၂ ရက်နေ့က စက်ချို့ယွင်းချက်ကြောင့် မြို့နယ် ၅ ခုမှာ ၅ နာရီကြာ ဖြတ်တောက်ခဲ့ရတာတွေရှိတယ်။ နောက်ပြီး ဓာတ်အားထုတ်လုပ်နိုင်မှုလျှော့နည်းတာကြောင့်လည်း ဖြစ်တယ်။ ဓာတ်အားထုတ်လုပ်မှုလျှော့နည်းလို့ မီးဖြတ်တောက်တာမျိုးကကျတော့ ဒါခဏပဲဖြစ်တာပါ။ ခုလောလောဆယ် တော့ ပုံမှန်ပဲ လျှပ်စစ်မီးပေးနေပါပြီ။ ရေအမြင့် လျှော့ကျလာကြောင့် ဓာတ်အားလျှော့နည်းမှုတွေဖြစ်လာပြီ ဆိုရင်တော့ လျှပ်စစ်မီးဖြတ်တောက်မယ့်အချိန်တွေကို ဒီဖက်က ထုတ်ပြန်ပေးလာမှာပါ” ဟုပြောသည်။

ပုဏ္ဏားကျွန်း ပင်မဓာတ်အားပေးစက်ရုံမှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦ၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ စသည့် ၁၀ မြို့နယ်အား ဓာတ်အား ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်အပါအဝင် နိုင်ငံတစ်ဝန်း အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုတို့ ဖြစ်ပေါ်လာခဲ့ပြီး အချိန်ဇယားဖြင့် မီးဖြတ်တောက်မှုတို့ပြုလုပ်ခဲ့ကာ လက်ရှိတွင်လည်း ထိုကဲ့သို့ပြတ်တောက်မှုများ တိုင်းနှင့်ပြည်နယ် အားလုံးနီးပါးတွင် ဆက်ဖြစ်နေကြဆဲဖြစ်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/762405959232166

Leave a Reply

Your email address will not be published.