By Narinjara / 2023 October 8

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြို့သူကြီးရပ်ကွက်တွင်ရှိသော ရှမ်းမလေးအကင်ဆိုင်၌ ဂီတအစည်းအရုံး တစ်ခု ဖြစ်မြောက်ရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ နေလယ် ၁ နာရီတွင် ပြုလုပ်ခဲ့သည်။
ထိုကဲ့သို့ ဆွေးနွေးရခြင်းသည် အဓိက အနုပညာညီကိုမောင်နှများ စုပေါင်းပြီး အဖွဲ့အစည်းတစ်ခု အနေဖြင့် တည်ရှိနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်သည်ဟု ယင်းအဖွဲ့အား ဦးဆောင်သူ ရခိုင်အဆိုတော်ရီလှိုင်းပြာက နိရဥ္စရာကို ပြောသည်။
” ဂီတအစည်အရုံးလုပ်ရတာကတော့ အကုန်လုံးသူရဲ့ သဘောတူညီချက်ရဖို့။ အခုလက်ရှိ ဂီတနဲ့ ပတ်သတ်ပြီး ကမောက်ကမ ဖြစ်နေတာတွေကို အားလုံးနဲ့ အဖွဲ့အစည်းဖွဲ့ပြီး စုပေါင်းပြီး ဖြေရှင်းပေးလို့ ရအောင်ပေါ့လေ။ ဒီအဖွဲ့အစည်းကို ပါဝင်ကြဖို့ ဂီတအနုပညာရှင်တွေကို ဖိတ်ခေါ်ပါတယ်လို့ ” ဟုပြောသည်။
အဆိုပါ အဖွဲ့အစည်းသည် အမှန်တကယ်ဖြစ်မြောက်ခဲ့ပါက အနုပညာ ပါရမီရှိပြီး ထောက်ပံ့မှု လိုအပ်နေသည့် ရခိုင်ကြယ်ပွင့်ကလေးများအား အဖွဲ့ကရံပုံငွေဖြင့်သော်လည်း ဝါရင့် အနုပညာရှင်များ၏ အကြံတစ်ခွန်း၊ ညဏ်တစ်ခွန်းကိုလည်း ရရှိလာနိုင်မည်ဟု Bass ဂီတာတီးခတ်သူ ဦးကျော်မြင့်က ပြောသည်။
” အခုက အနုပညာအသိုင်းအဝိုင်းတစ်ခုကို သန္ဓေတည်တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့က အတီးသမားဆိုတော့။ ကလေးတွေရဲ့ လိုလားတောင်းတနေတဲ့ လိုအပ်ချက်တွေဆိုရင် တတ်နိုင်တဲ့ဘက်က ပံ့ပိုးပေးသွားမယ်။ တကယ်လို့ ဒီလိုအဖွဲ့တွေမရှိရင် တစ်ယောက်တစ်ပေါက် ဖြစ်မှာပေါ့။ ဒီအဖွဲ့အစည်းဖြစ်လာရင် နောက်ကပံ့ပိုးပေးကြရင် အကောင်းတွေ ဖြစ်လာမှာပါ။ တချို့ အဆိုပိုင်းတွေမှာ ကော်လတီမပြည့်တာတွေ ထွက်နေရတဲ့အတွက် ရခိုင်အမျိုးသားတွေ သိက္ခာကျတာပေါ့ ” ဟုပြောသည်။
လွန်ခဲ့သည့် ၁၀ နှစ်ခန့်တွင် ရက္ခိုင့်ဂီတ ယာယီအစည်းအရုံးတစ်ခု ဖွဲ့စည်းခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းထားခဲ့ရပြီး၊ လက်ရှိတွင် ထိုကဲ့သို့ အစည်းအရုံးကို ဖြစ်ေမြာက်လာစေရန် ပြန်လည်အသက်သွင်းရခြင်းဖြစ်သည်ဟု ရခိုင်တေးသံရှင် ကိုမောင်မောင်က နိရဥ္စရာကိုပြောသည်။
” ဒီလိုအစည်းအရုံးတစ်ခုဖြစ်လာရင် ကောင်းတာပေါ့ အနုပညာနဲ့ ပတ်သတ်ပြီး ကွာလတီ ကောင်းကောင်းနဲ့ ထွက်လာနိုင်အောင် ချုပ်ကိုင်နိုင်မယ်။ တော်ပေမဲ့ ငွေကြေးမတတ်နိုင်တဲ့သူတွေကို အဖွဲ့အစည်းက ရံပုံငွေနဲ့လည်း ထောက်ပံ့ပေးသွားမယ်။ လောလောဆယ်က အဖွဲ့အစည်းဖြစ်လာရင် ရံပုံငွေကောက်မယ်။ မတည်ဖို့ လူတွေရှိရင်လည်း ဖိတ်ခေါ်ပါတယ် ” ဟုပြောသည်။
အဆိုပါ ဂီတအစည်းအရုံးဖြစ်မြောက်လာမည်ဆိုပါက ပထမဆုံးအနေဖြင့် အနုပညာရှင် ညီကိုမောင်နှမများမှ စေတနာပေါက် ရံပုံငွေကောက်ခံပြီး တတ်နိုင်သည့်ဘက်မှ လာမည့် သီတင်းကျွတ် လပြည်နေ့တွင် ဆွမ်းတော်ကြီးလောင်းပွဲသော်လည်းကောင်း အလှူဒါနတစ်ခုခု လှူဒါန်းနိုင်ရန် ရည်ရွယ်ထားသည်ဟုလည်း ၎င်းတို့ကပြောသည်။
အဆိုပါဆွေးနွေးပွဲကို အနုပညာအလွှာပေါင်းစုံမှ တေးရေး၊ တေးဆို၊ သရုပ်ဆောင်၊ ဂီတပညာရှင်များအပါအဝင် စုစုပေါင်း လူဦးရေ ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။
https://www.facebook.com/narinjara.info/posts/718221260345006