ရခိုင်က အသင်းအဖွဲ့များ မှတ်ပုံတင်လျှောက်ထားခြင်း ခွင့်ပြုချက်ရရန် ကြန့်ကြာနေ

By DMG / 2023 October             17

ပုံစာ – ရခိုင်ပြည်အတွင်းက မုန်တိုင်းသင့်ပြည်သူများအား WFP က ရိက္ခာအချို့ထောက်ပံ့ပေးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – UN

ရခိုင်ပြည်အတွင်းက အသင်းအဖွဲ့များမှာ စစ်ကောင်စီထံ မှတ်ပုံတင်လျှောက်ထားသည်မှာ တစ်နှစ်ခန့် ကြာမြင့်လာပြီဖြစ်သော်လည်း ခွင့်ပြုချက်ရရှိရန် ကြန့်ကြာနေကြောင်း အသင်းအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

မှတ်ပုံတင်လျှောက်ထားခြင်း ခွင့်ပြုချက်မရ၍ ရခိုင်က အရပ်ဖက်အဖွဲ့အစည်းများမှာ ခရီးသွားလာမှု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဆောင်ရွက်ရာတွင် အခက်အခဲများရှိနေကြောင်း ပြောဆိုကြသည်။

“တစ်နိုင်ငံလုံးမှာ အလုပ်လုပ်လို့ရအောင်ဆိုပြီး ပြည်ထောင်စုမှာ မှတ်ပုံတင်လျှောက်ထားတာပါ။ သူတို့လိုအပ်တဲ့ စာရွက်စာတန်းတွေလည်းပေးပြီးတာ တစ်နှစ်လောက်ရှိပါပြီ။ အခုထိမရသေးဘူး။ အချိန်လည်းကြန့်ကြာသလို မှတ်ပုံတင်ခွင့်ရမလားဆိုပြီး သွားရလာရတာလည်း ပိုက်ဆံ ၂၀ လောက် ကုန်နေပြီ” ဟု စစ်တွေအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။

‌‌ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ရန် လိုအပ်သည့်အတွက် NGO၊ INGO အပါအဝင် အရပ်ဖက်အဖွဲ့အစည်း တစ်ဖွဲ့ချင်းအလိုက် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန်ထားသည်။

အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ပြည်တွင်းအသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ခြင်းကို ခွင့်မပြုကြောင်း ဆုံးဖြတ်ပါက သက်ဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့မှ လျှောက်ထားသည့် ပြည်တွင်းအသင်းအဖွဲ့ထံ သတ်မှတ်ရက်အတွင်း ကျိုးကြောင်းပြည့်စုံစွာဖြင့် ပြန်ကြားရမည်ဖြစ်သည်။

ယင်းသို့ မှတ်ပုံတင်ခွင့်မပြုကြောင်း ဆုံးဖြတ်သည့်နေ့မှစ၍ အကြောင်းပြန်ရမည့် သတ်မှတ်ရက်များမှာ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ ၃၀ ရက်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့ ၃၀ ရက်၊ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့ ၁၅ ရက်၊ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ ၁၅ ရက်အဖြစ် သတ်မှတ်ထားသည်။

မြောက်ဦးမြို့ အရပ်အဖက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက “မှတ်ပုံတင်ခွင့်ပြုချက် ကျပြီလားလို့ မေးကြည့်ရင်လည်း ဥပဒေပြင်ဆင်နေလို့၊ စာရွက်စာတန်းတွေ စစ်ဆေးနေလို့ဆိုပြီး အကြောင်းပြချက် မျိုးစုံပေးကြတယ်။ ဘယ်တော့လောက်ရနိုင်မလဲဆိုရင်လည်း သူတို့က မသိဘူးလောက်ပဲ ပြောကြတယ်။ ဘာလုပ်ရမှန်းမသိဘဲ တော်တော်လည်း အခက်တွေ့ပါတယ်” ဟု ပြောသည်။

အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ – ၃၃ အရ မည်သူမျှ အသင်းအဖွဲ့မှတ်ပုံတင်မရှိဘဲ အသင်းအဖွဲ့ကို ဖွဲ့စည်းလှုပ်ရှားခြင်းမပြုရဟု ပြဌာန်းထားပြီး အဆိုပါတားမြစ်ချက်များကို ဖောက်ဖျက်ကျုးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ဆယ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်သည်။

ရခိုင်ပြည်အတွင်း NGO၊ INGO များနှင့် အရပ်ဖက်အဖွဲ့အစည်းများမှာ စစ်ဆေးရေးဂိတ်အချို့တွင် ကန့်သတ်ခံရခြင်း၊ စစ်ကောင်စီထံမှ ခရီးသွားလာရေးခွင့်ပြုချက် မရသဖြင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးရာတွင် နှောက်နှေးမှုများ ဖြစ်နေကြရသည်။

ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သူများကို စစ်ကောင်စီက နည်းမျိုးစုံဖြင့် နှောင့်ယှက်နေခြင်းမှာ အကူအညီလိုအပ်သူများကို ပိုမိုခက်ခဲအောင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“cso အဖွဲ့ဖြစ်ဖြစ်၊ တခြားနိုင်ငံတကာအဖွဲ့တွေကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ နှောင့်ယှက်နေတယ်လို့ မြင်တယ်။ သူတို့ အလုပ်ဆက်မလုပ်နိုင်ရင် ဒုက္ခသည်တွေမှာ စားဝတ်နေရေးထိခိုက်မယ်။ ကျေးရွာတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ နောက်ကျမယ်” ဟု ရသေ့တောင်ဒေသခံ ကိုရန်ပိုင်စိုးက ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် “မိုခါ”မုန်တိုင်းကြောင့် နေအိမ်၊ အဆောက်အအုံ အများအပြားပျက်စီးသွားပြီး လူဦးရေ ၁၂ သိန်းကျော် ထိခိုက်နစ်နာခဲ့ရသည်။

လက်ရှိ မုန်တိုင်းတိုက်ခတ်မှု ၅ လပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း မုန်တိုင်းသင့်ပြည်သူများမှာ အကူအညီများ လိုအပ်နေဆဲဖြစ်သည်။

#R010 #DMG

https://www.facebook.com/dmgnewsagency/posts/717042673802665

Leave a Reply

Your email address will not be published.