မြောက်ဦးမြို့က လူအရောက်နည်းပါးသည့် သမိုင်းဝင်ပုထိုးများကို ထိန်းသိမ်းရန် လိုအပ်နေ

By DMG / 2023 October             11

ပုံစာ – မြောက်ဦးမြို့ရှိ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုနည်းပါးသည့် သမိုင်းဝင်စေတီတစ်ဆူအား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းက တွေ့ရစဉ်။

ရခိုင်ပြည်၊ ရှေးဟောင်းမြောက်ဦးမြို့တွင် ခရီးသွားဧည့်သည်များနှင့် ဒေသခံများ သွားရောက်လည်ပတ်မှု နည်းပါးသည့် သမိုင်းဝင်ဘုရားပုထိုးများကို ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေကြောင်း ဒေသခံများကပြောသည်။

လည်ပတ်မှုနည်းပါးသည့် ဘုရား၊ ပုထိုး၊ စေတီ၊ ပိဋကတ်တိုက်များ၊ ဂူ၊ တံတိုင်း၊ စပါးကျီ၊ ဦးမြဝါကွင်း၊ ရွှေဂူတောင် စသည့် သမိုင်းဝင်နေရာများတွင် ခြုံနွယ်များဖုံးလွှမ်းခြင်း၊ အက်ကွဲကြောင်းများနှင့် ပြိုကျပျက်စီးနေကာ ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ ဖြစ်နေသည်ဟု မြို့ခံများကပြောသည်။

“လူသူအရောက်နည်းတဲ့ နေရာတွေက ခြုံနွယ်တွေနဲ့ ပိတ်ဆို့နေတယ်။ ဘုရားတွေမှာဆိုလည်း သန့်ရှင်းရေးတွေ မလုပ်ပေးကြဘူး။ ပြီးတော့ အဲဒီလို လူအရောက်နည်းတဲ့ သမိုင်းဝင်နေရာတွေမှာ မူးယစ်ဆေးသုံးစွဲတာတွေလည်း အများကြီးတွေ့ရတယ်” ဟု မြောက်ဦးဒေသခံ မမျိုးအေးသွယ်က ပြောသည်။

ထိန်းသိမ်းရန်လိုအပ်နေသည့် သမိုင်းဝင်နေရာများထဲတွင် ရတနာပုံရပ်ကွက်နှင့် ဆင်ချဆိပ်ရပ်ကွက်မှ ဘုရား၊ ပုထိုး၊ စေတီများ၊ အလယ်ဈေးရပ်ကွက်မှ ပိဋကတ်တိုက်များအပြင် အခြားသော ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့် သမိုင်းဝင်နေရာများစွာ ရှိနေခြင်းဖြစ်သည်။

ယင်းအပြင် သမိုင်းဝင်နေရာများတွင် ထမင်းဆိုင်၊ ဘုန်းတော်ကြီးကျောင်းများ ပိတ်ဆို့ ဆောက်လုပ်မှု များပြားလာသဖြင့် ရှေးဟောင်းအမွေအနှစ်များမှာ မှေးမှိန်လာရသည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္က ဒေါ်ခင်သန်းက “ရွှေဂူတောင်တက် လမ်းတွေကိုဆိုရင်လည်း ပြုပြင်မှုတွေ မရှိဘူး။ ခြုံနွယ်တွေနဲ့ရှုပ်နေတဲ့ ဘုရားတွေလည်း အများကြီးပဲ။ ဒီလို သမိုင်းဝင် အမွေအနှစ်နေရာတွေ ထိန်းသိမ်းမှုမရှိတာ အများကြီးပဲ။ အကုန်လုံးကို လိုက်လုပ်ဖို့မနိုင်ဘူး။ အထင်ကရ နေရာတွေမှာလည်း ထိန်းသိမ်းမှု အရမ်းအားနည်းတယ်” ဟု ပြောသည်။

ရှေးဟောင်းမြောက်ဦးမြို့က သွားရောက်လည်ပတ်မှု အများဆုံးဖြစ်သည့် ရှစ်သောင်းပုထိုးတော်၊ ကိုးသောင်းပုထိုးတော်၊ နန်းရာကုန်း၊ မြို့ရိုး၊ ကျုံး၊ မာန်ငါးပါးစသည့် သမိုင်းဝင်အမွေအနှစ်များကို ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ရန် ဂေါပကအဖွဲ့ဝင်များ ဖွဲ့စည်းထားရှိသည်။

သို့သော် သွားရောက်လည်ပတ်မှု နည်းပါးသည့် သမိုင်းဝင်အမွေအနှစ် နေရာများကို ပြုပြင်ထိန်းသိမ်းမှုမှာ စနစ်တကျမရှိသဖြင့် သက်ဆိုင်ရာအာဏာပိုင်များက ကြပ်မတ်ဆောင်ရွက်သင့်သည်ဟု မြောက်ဦးမြို့၊ မင်္ဂလမာန်အောင်မှ ဂေါပကအဖွဲ့ဝင် အထွေထွေအတွင်းရေးမှူး ဦးခင်စောမောင်က ပြောသည်။

“အမွေအနှစ်တွေက ထိန်းသိမ်းမှုမရှိလို့ လုံးဝပျက်စီးသွားတာလားဆိုတော့ မဟုတ်ဘူး။ ဒါပေမယ့် ထိန်းသိမ်းမှု မရှိတော့ စေတီ၊ ပုထိုး၊ သမိုင်းဝင်နေရာတွေကို သပ်သပ်ရပ်ရပ် မတွေ့ရဘူး။ ဒါတွေကို ဒေသအဖွဲ့အစည်းတွေက ထိန်းသိမ်းမှုအားနည်းရင် ဌာနဆိုင်ရာက အားသွင်းပြီး ထိန်းသိမ်းသင့်တယ်” ဟု သူကပြောသည်။

လူသူအရောက်နည်းပါးသည့် သမိုင်းဝင်နေရာများအား ပြုပြင်ထိန်းသိမ်းရန် ပြည်ထောင်စုအဆင့်ကို တင်ပြထားသော်လည်း ဘတ်ဂျက်ကျမလာ၍ ပြည်နယ်အဆင့်သို့ ထပ်မံတင်ထားသည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးခရိုင်)မှ သိရသည်။

အဆိုပါ သမိုင်းဝင်နေရာများအား ပြုပြင်ထိန်းသိမ်းရေးကို ယခုနှစ်တွင် မလုပ်ဆောင်ရသေးဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မြောက်ဦးခရိုင်)မှ ပြုပြင်ထိန်းသိမ်းရေး ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ထွန်းလှက ပြောသည်။

“နှစ်စဉ် ပုံမှန်ပြုပြင်ထိန်းသိမ်းရေးလုပ်တဲ့ ဘတ်ဂျက်ကတော့ မကျသေးဘူး။ အဲဒါကြောင့် လောလောဆယ် မလုပ်ရသေးဘူး။ ပြည်နယ်ဘက်က ဘာကြောင့်ကြာနေလဲ ကျနော်လည်းမသိဘူး” ဟု ၎င်းကပြောသည်။

ရှေးဟောင်းမြောက်ဦးမြို့သည် ကမ္ဘာ့အမွေအနှစ်စာရင်း (ယူနက်စကို) ဝင်ရောက်နိုင်ရေး ကြိုးပမ်းနေသည့် ဒေသတစ်ခုဖြစ်သည့်အတွက် သမိုင်းဝင်နေရာများအား ပြုပြင်ထိန်းသိမ်းမှုများကို ဂရုတစိုက်လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဒေသခံများကပြောသည်။

#R005 #DMG

https://www.facebook.com/dmgnewsagency/posts/713356354171297

Leave a Reply

Your email address will not be published.