မြောက်ဦးတွင် အမည်မသိ အမျိုးသား ရုပ်အလောင်း တစ်လောင်း တွေ့ရှိထား

By Western News / 2023 October     26

ရခိုင်ပြည် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက် အဝေးပြေးကာဂိတ်အနီးတွင် အမည်မသိ အမျိုးသား ရုပ်အလောင်းတစ်လောင်းကို ယနေ့ အောက်တိုဘာ ၂၆ ရက် ညနေပိုင်း အချိန်ခန့်က တွေ့ရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက ပြောသည်။

ရုပ်အလောင်းကို မြောက်ဦး ထမ္မရာဇ်ရပ်ကွက် အဝေးပြေးကာဂိတ်အနီး ရေမြောင်းငယ်တစ်ခုပေါ် ထိုးထားသည့် တံတားငယ်အောက်တွင် ယနေ့ ညနေ ၅ နာရီဝန်းကျင်ခန့်က ခြင်းခတ်နေသည့် လူငယ်တစ်စုမှ တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံလူငယ် တစ်ဦးက “ကလေးတွေခြင်းခတ်နေရင်း ခြင်းအဲ့ဒီအနားကျသွားရာက နေတွေ့တာ။ ပုံမှန်သွားလာနေရင် မမြင်နိုင်တဲ့နေရာမျိုးပါ။ ရေမြောက်းသေးသေးလေးကို တံတားလေးတစ်ခုထိုးထားတာ အဲ့တံတားအောက်ဖက်မှာ အလောင်းကရှိနေတာ။ အလောင်းရှိတဲ့နေရာက ရေမြောင်းမှာဆိုတော့ အလောင်းကရုပ်မှန်း မရလောက်အောင်ပုတ်ပွနေပြီ။ အသက်ကို ခန့်မှန်းရမယ်ဆိုရင် ၃၀ ကျော်ဝန်းကျင်လောက်ဖြစ်မလားပဲ” ဟုပြောသည်။

တွေ့ရှိခဲ့သည့် အမျိုးသားရုပ်အလောင်းမှာ အသက် ၃၀ ကျော်ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းရပြီး အလောင်းမှာ ရက်ကြာ၍ ပုတ်ပွနေပြီဖြစ်သည်ဖြစ်ကာ ခန္ဓာကိုယ်များတွင် ဒဏ်ရာဒဏ်ချက်များရှိနေသည်ကိုမူ မြင်တွေ့ခဲ့ကြခြင်းမရှိဟု သွားရောက်ကြည့်ရှုခဲ့သူများကဆိုသည်။

သေဆုံးနေသည့် အမျိုးသားမှာ အင်္ကျီအနီရောင်နှင့် ပုဆိုးဝတ်ဆင်ထားပြီး ခန္ဓာကိုယ်ပေါ် မည့်သည့်အမှတ်အသားများ ပါရှိသည်ကိုမှု တွေ့ရှိခဲ့ခြင်း မရှိခဲ့ကြောင်း သွားရောက်ကြည့်ရှုခဲ့သူများက ဆိုသည်။

လက်ရှိတွင် အဆိုပါအမျိုးသားရုပ်အလောင်းအား ရပ်ကွက်တာဝန်ရှိသူများက လာရောက်ကြည့်ရှုနေကြပြီး သေဆုံးနေသူအမျိုးသားမှာ မည်ကဲ့သို့ သေဆုံးမှု ဖြစ်ပွားခဲ့မှုနှင့် မည်သူ မည်ဝါ ဖြစ်ကြောင်းကို သိရှိနိုင်ခြင်း မရှိသေးပေ။

ရခိုင်တွင် သေဆုံးပြီး ရုပ်အလောင်းများတွေ့ရှိမှုတို့မကြာခဏ ရှိတတ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းကလည်း စစ်တွေမြို့ ကန်တော်ကြီးဘောင်တွင် အမျိုးသားရုပ်အလောင်းတစ်လောင်းနှင့် ဇူလိုင်လအတွင်းက ဓညဝတီဘောလုံးကွင်းနောက်ဖက်ချောင်းတွင် အမျိုးသားရုပ်အလောင်းတစ်ခု တွေ့ရှိခဲ့ပြီး တစ်ခြား ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင်လည်း ထိုကဲ့သို့ သေဆုံးပြီးရုပ်အလောင်းများကို တွေ့ရှိမှုတို့ ရှိတတ်သည်။

https://www.facebook.com/westernnewsagency/posts/770599581746137

Leave a Reply

Your email address will not be published.