By Narinjara / 2023 October 23

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ၃ ရက်အတွင်း ကာလတန်ဖိုး ကျပ်ငွေ သိန်း ၃၀၀၀ ကျော်ဖိုးရှိသည့် WY စိတ်ကြွဆေးပြား ၂ သိန်းနီးပါးနှင့်အတူ ဆေးပြားသယ်ဆောင်လာသူအပါအဝင် စုစုပေါင်း ဆက်စပ်သူ ၆ ဦးကို ဖမ်းဆီးမိကြောင်း သိရသည်။
အောက်တိုဘာလ ၁၉ ရက်၊ ၂ဝ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အောက်တိုဘာလ ၂၂ ရက်၊ နံနက်ပိုင်းတွင် မောင်တော-ကြိမ်ချောင်းသွားလမ်း အနောက်ဘက် ကျီးကန်းပြင်ရွာ အနောက်ဘက် ဗလီပျက်အနီးတွင် စိတ်ကြွဆေးပြားသယ်ဆောင်လာသူ ၂ ဦးနှင့်အတူ WY/R စာတန်းပါ စိတ်ကြွဆေးပြား ၁၄၆၂၅၀ ကိုဖမ်းဆီးရမိသည်ဟု သိရသည်။
ဆေးပြားများနှင့်အတူ ဖမ်းဆီးခံရသူ ၂ ဦးမှာ ကျီးကန်းပြင်ကျေးရွာအုပ်စု၊ အောင်သာယာကျေးရွာမှ ဦးအောင်လှသိန်းနှင့် သိန်းဇော်ဆိုသူတို့ဖြစ်ပြီး စိတ်ကြွဆေးပြားများကို ဆိုင်ကယ်နှင့် သယ်ယူလာစဉ် ဖမ်းဆီးရမိခြင်းဖြစ်သည်။
သူတို့နှစ်ဦးမှာ ဆေးပြားပိုင်ရှင်များမဟုတ်ဘဲ အခကြေးငွေဖြင့် ပို့ဆောင်ပေးစဉ် လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မောင်တောမြို့မ ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ သူတို့ကို ဖားဝပ်ချောင်းရွာက ဦးမောင်နဲ့ ကိုကိုကျော်ဆိုသူတွေ ပို့ခိုင်းတာဖြစ်တယ်။ အဲဒီ ဦးမောင်နဲ့ ကိုကိုကျော်ကိုလည်း အဲဒီနေ့မှာပဲ ကျီးကန်းပြင် ဂိတ်မှာ ဖမ်းမိပြီ”ဟု ပြောသည်။
ယခုဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများ ကာလတန်ဖိုးမှာ ကျပ်သိန်း ၂၉၀၀ ဖိုးရှိကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၂၀ ရက်ကလည်း ကာလတန်ဖိုး ကျပ်သိန်း ၅၄၀ ဖိုးရှိသည့် WY/R စာတန်းပါ စိတ်ကြွဆေးပြား ၂၇၀၀၀ နှင့်အတူ မောင်တောမြို့ မြို့မအနောက်ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၂ နှစ်အရွယ် ကျော်ဇံမင်း(ခေါ်) ကိုဇံဆိုသူကို ဖမ်းမိခဲ့သည်။
ကိုကျော်ဇံမင်းမှာ အဆိုပါဆေးပြားများကို မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်တွင် နေထိုင်သူ ကိုကျော်ရဲအောင်ဆိုသူထံမှ တစ်ဆင့်ခံရောင်းချရန် ဝယ်ယူခဲ့သည်ဟု ထွက်ဆိုထားပြီး ကိုကျော်ရဲအောင်မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ပြည်နယ်စစ်ကောင်စီက ဖော်ပြထားသည်။
ထို့အတူ အောက်တိုဘာလ ၁၉ ရက်ကလည်း မောင်တောမြို့၊ မောင်နီရပ်ကွက်တွင်နေထိုင်သူ အသက် ၃၅ နှစ်အရွယ် အဘူဖွေယစ်(ခေါ်)ဘာဘူလာဆိုသူစီးလားသည့် ဆိုင်ကယ် Tools Box အတွင်းမှ WY/R စာတန်းပါ စိတ်ကြွဆေးပြား ၈၅၀၀ ကို ဖမ်းဆီးရမိခဲ့သည်။
စိတ်ကြွဆေးပြားများကို မောင်တောမြို့တွင် ဖမ်းမိသည်ထက် လာရာလမ်းကြောင်းကို ပိတ်ဆို့ဖမ်းဆီးရန် လိုသည်ဟု မောင်တောမြို့ခံ တစ်ဦးက ပြောသည်။
“ဒီဆေးပြားတွေက မောင်တောမြို့မှာ လုပ်တာလည်းမဟုတ်ဘူး။ မြန်မာတနိုင်ငံလုံးကို ဖြတ်ပြီးလာတာ။ ဒီလောက် စစ်ဆေးရေးဂိတ်တွေ အများကြီးရှိနေရဲ့နဲ့ အဲဒီ လာရာလမ်းမှာ မဖမ်းဘဲ မောင်တောရောက်မှ ဖမ်းမိတယ်ဆိုတာက သိပ်ပြီး တော့ သဘာဝမကျဘူး။ ဒီဆေးပြားကို ရခိုင်ပြည်ကို မရောက်မီကတည်းက ဖမ်းရမှာ” ဟုပြောသည်။
လက်ရှိတွင် အဆိုပါစိတ်ကြွဆေးပြားများနှင့် ဖမ်းဆီးရမိသူ ၆ ဦးကို မူးယစ်ဆေးဝါးဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားပြီး တခြားဆက်စပ်သူများကိုလည်း ဖမ်းဆီးရမိရန် စစ်ဆေးလျက်ရှိသည်ဟု သိရသည်။
ယခုနှစ် ဇန်နဝါရီလ (၁၀) ရက်မှ စက်တင်ဘာလ ဒုတိယအပတ်အထိ ၉ လတာအတွင်း ရခိုင်ပြည်တွင် စိတ်ကြွ ဆေးပြား ရောင်းချသူ ၁၈ ဦးနှင့်အတူ စိတ်ကြွဆေးပြား ၁၂၆၃၆၃၇ ကျော်အပါအဝင် ICE (၃၀၀) နှင့် စိတ်ကြွ ဆေးမှုန့်တချို့ကိုု ဖမ်းဆီးရမိကြောင်း ပြည်နယ်ကောင်စီထုတ်ပြန်သည့် စာရင်းများအရ သိရှိရသည်။ (NN-14)
https://www.facebook.com/narinjara.info/posts/727680309399101