မောင်တောတွင် နှစ်ရက်အတွင်း ကျပ်သိန်း ၇၁၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

By Western News / 2023 October     21

ဓါတ်ပုံ- ရခိုင်နေ့စဉ်

ရခိုင်ပြည် မောင်တောမြို့တွင် ၂ရက်အတွင်း ကျပ်သိန်း ၇၁၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် တရားခံများကိုပါ ဖမ်းဆီးရမိကြောင်း ပြည်နယ်စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ ညနေက မောင်တောမြို့ မြို့မတောင်ရပ်ကွက်တွင် မူးယစ်တပ်ဖွဲ့ ပူးပေါင်းအဖွဲ့က လှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာသော ဆိုင်ကယ်တစ်စီးအား ခေါ်ယူစစ်ဆေးရာမှာ ကျပ်သိန်း ၁၇၀ တန်ဖိုးရှိသည့် WY/R စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၈၅၀၀ ကို ဖမ်းဆီးရမိကြောင်း သိရသည်။

ဖမ်းမိသည့် တရားခံမှာ မောင်နီရပ်ကွက်ဒေသခံ အသက် ၃၅ နှစ်အရွယ် အဘူဖွေယာစ်ဖြစ်ပြီး မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးထားကာ ဆက်စပ်တရားခံများကိုလည်း ဖမ်းဆီးရမိရေးကို ဆောင်ရွက်နေကြောင်း ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ယနေ့ အောက်တိုဘာလ ၂၀ ရက်တွင်လည်း မောင်တောမြို့ မြို့မအနောက်ရပ်ကွက်ရှိ နေအိမ်တစ်ခုမှ ကျပ်သိန်း ၅၄၀ တန်ဖိုးရှိသည့် WY/R စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၂၇,၀၀၀ ပြားနှင့်အတူ တရားခံအား ဖမ်းဆီးရမိခဲ့သည်။

တရားခံမှာ အသက် ၃၂ နှစ်အရွယ်ရှိ ကျော်ဇံမင်း (ခ)ကိုဇေ ဖြစ်ပြီး မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားနေကြောင်း သတင်းအရ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးမေးမြန်းချက်အရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို တစ်ဆင့်ပြန်လည်ရောင်းချရန် မြို့မတောင်ရပ်ကွက်နေ ကျော်ရဲအောင်(၃၁)နှစ်၊ (ဘ)ဦးကျော်စိန်အောင်ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာ ဆက်စပ်တရားခံမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ဖမ်းဆီးရမိတရားခံ ကျော်ဇံမင်း(ခ)ကိုဇေနှင့် ထွက်ပြေးတရားခံ ကျော်ရဲအောင်တို့ ၂ ဦးကို မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားပြီး ဆက်စပ်တရားခံများ ထပ်မံဖော်ထုတ်နိုင်ရေး စစ်ဆေးလျက်ရှိသည်ဟု ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်အတွင်း မြို့နယ်တိုင်းလိုလိုတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲမှုများရှိနေပြီး စစ်တွေမြို့တွင် အများဆုံးဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

စစ်တွေမြို့တွင် ယခင်က လူအရောက်နည်းပါးသည့်နေရာများနှင့် ကမ်းနား (ရူခင်းသာလမ်း) တစ်လျှောက်တွင် လူငယ်များမှ သုံးစွဲလျှက်ရှိနေရာမှ လက်ရှိတွင် မြို့ထဲသို့ ဝင်ရောက်ကာ လူမနေအိမ်ခြံများနှင့် အဆောက်အဦးပျက်နေရာများတွင် သုံးစွဲမှုရှိလာနေသည်။

စစ်တွေမြို့ရှိ ပြည်နယ်အရံရဲတပ်ဖွဲ့ရုံးရှေ့ ဗလီပျက်ခြံဝန်းအတွင်း လူငယ်များအပြား မူးယစ်ဆေးဝါးသုံးစွဲနေခြင်းနှင့် မောလိပ်ရပ်ကွက်နှင့် အင်ဘာလာရပ်ကွက်တို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများအား ဖမ်းဆီးခြင်းကို စစ်ကောင်စီ ရဲတပ်ဖွဲ့က လျစ်လျူရှုနေကြသည်။

ရခိုင်ပြည်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲသူများကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူခြင်းနှင့် တားဆီးရေးတို့မှာ ပြည်နယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော် ULA/AA တို့တွင် တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/767301622075933

Leave a Reply

Your email address will not be published.