By Western News / 2023 October 4
ရခိုင်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် အခြေခံစာသင်ကျောင်းများပြုပြင်ရန် ဘက်ဂျက်ငွေ ၇၁ ဘီလီယံခန့် တင်ပြထားရာ လက်ရှိတွင် ၆ ဘီလီယံကျော်ကို ခွင့်ပြုထုတ်ပေးနေပြီဖြစ်သည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
မိုခါမုန်တိုင်း ဝင်ရောက်ခဲ့မှုကြောင့် ရခိုင်တွင် မြို့နယ်အနှံ့ ကျောင်းပေါင်း ၁၅၀၀ ကျော်ပျက်စီးမှုရှိခဲ့ပြီး ထိုအရာများပြန်လည်ပြုပြင်ရန် လက်ရှိတွင် ငွေကျပ် ၆ ဘီလီယံကျော်ခန့် ပြည်ထောင်စုဘက်ဂျက်မှ ကျထားပြီးဖြစ်သည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က Western News ကို ပြောသည်။
“စာသင်ကျောင်းတွေပြုပြင်၊ တည်ဆောက်ဖို့ ဒီဖက်ကတင်ပြထားတာတော့ ၇၁ ဘီလီယံကျော်တင်ပြထားတာဖြစ်တယ်။ ဘက်ဂျက်တွေကလည်း သေချာစီစစ်ပြီးမှချပေးတာဆိုတော ပြည်ထောင်စုဖက်ကနေ အခု ၆ ဘီလီယံကျော်ကျထားပြီ။ နောက်ထပ်အရာတွေကိုလည်း စီစစ်ပြီးကျလာမှာပါ” ဟုပြောသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်တွင် စာသင်ကျောင်း ၁၅၃၈ ဆောင်ပျက်စီးမှုရှိခဲ့ပြီး ထိုအထဲမှ အမိုးအကာပြိုပျက်သွားသည့် ကျောင်းဆောင်များပါဝင်သလို အလုံးစုံပြိုပျက်သွားသည့်အဆောင်များလည်းပါဝင်သည်။
လက်ရှိတွင် ကျထားသည့် ဘက်ဂျက်ငွေများဖြင့် စာသင်ကျောင်း ၁၄၀၀ ကျော်ကိုပြုပြင်ထားပြီးဖြစ်ကာ အလုံးစုံပြိုပျက်သွားသည့် ကျောင်းများအတွက် နောက်ထပ်စီမံကိန်းများဖြင့် စနစ်တကျ ပြန်လည်တည်ဆောက်ရန်ရှိသည်ဟု ပြည်နယ်ပညာရေးမှူးကဆက်ပြောသည်။
“၁၄၉၁ ကျောင်းပြုပြင်ပြီးသွားပြီ။ ၄၉ ကျောင်းပဲကျန်တော့တယ်။ ဒီကျောင်းဆောင်တွေကလည်း လက်ရှိပြုပြင်နေကြတယ်။ ဒီအောက်တိုဘာလကုန်လောက်ရင် အကုန်ပြီးမယ်လို့တော့ခန့်မှန်းရပါတယ်။ လုံးဝပြိုပျက်သွားတဲ့ကျောင်းတွေအတွက်တော့ နောက်ထပ်ဆောက်လုပ်ပေးမယ့် စီမံကိန်းတွေလာမယ်။ အဲ့ဒီကျောင်းတွေကို လက်ရှိမှာလည်း ယာယီဆောင်တွေသေချာဆောက်ပေးထားတယ်။ နောက်ထပ်တိုး ဆောက်လုပ်မှာ မျိုးတွေကတော့ ထပ်လာမယ်” ဟုပြောသည်။
ပြုပြင်နေဆဲဖြစ်သည့်စာသင်ကျောင်း ၄၉ ဆောင်မှာ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၁၄ ကျောင်း၊ ရသေ့တောင်မြို့နယ်တွင် ၃ ကျောင်း၊ ကျောက်တော်မြို့နယ်တွင် ၅ ကျောင်း၊ မင်းပြားမြို့နယ်တွင် ၉ ကျောင်း၊ ဘူသီးတောင်တွင် ၁၅ ကျောင်းဖြစ်ကြောင်း သိရသည်။
စာသင်ကျောင်းပြုပြင်မှုအခြေနေနှင့်ပတ်သက်၍ မုန်တိုင်းအတွင်း ကျောင်းဆောင်တစ်ခုလုံးပြိုပျက်သွားသည့် ကျောက်တော်မြို့နယ် လမ်းပိုက်ခွင်ကျေးရွာမှ စာသင်ကျောင်းအခြေနေအား မေးမြန်းကြည့်ရာ တစ်စုံတစ်ရာလုပ်ဆောင်မှုတို့မရှိသေးဟု တာဝန်ကျကျောင်းဆရာမ တစ်ဦးကပြောသည်။
“ကျောင်းကဘာမှမလုပ်ရသေးပါဘူး။ ယာယီဆောင်လည်း မရှိပါဘူး။ တစ်ကျောင်းလုံးဘာမှမကျန်အောင်ပြိုသွား တာဆိုတော့ အရင်ကကျောင်းဆောင်အဟောင်းလေးကိုပဲ ရွာကတတ်နိုင်သလိုပြုပြင်ပြီး စာသင်နေရပါတယ်။ မိုးကတော့ သိပ်မလုံပါဘူး။ ကျောင်းနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ တစ်ခါလာကြည့်တာတော့ရှိတယ်။ ခုထိတော့ ဘာပြုပြင်မှုမှ မရှိသေးဘူး”ဟုပြောသည်။
ကျောက်တော်မြို့နယ် လမ်းပိုက်ခွင်ကျေးရွာရှိ စာသင်ကျောင်းမှာ မူလွန်ကျောင်းဖစ်ပြီး Grade 1 မှ Grade 6 အထိရှိကာ ကျောင်းသား/သူ စုစုပေါင်း ၅၀ ခန့် ပညာသင်ကြားလျှက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ် မေလအတွင်းကတိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်တွင် မြို့နယ်အနှံ့စာသင်ကျောင်း အမြောက်အမြားပျက်စီးမှုတို့ရှိခဲ့ကြရာ ဇွန်လကျောင်းဖွင့်ချိန်တွင် ကျောင်းသူကျောင်းသားများအနေဖြင့် ပြိုပျက်နေသည့် စာသင်ကျောင်းဆောင်များထဲ၌ စာသင်ကြားခဲ့ရမှုတို့ရှိခဲ့သည်။
https://www.facebook.com/westernnewsagency/posts/756796633126432