(ပြစ်မှုကျူးလွန်သူကို ထိုက်သင့်သည့်ပြစ်ဒဏ် ချမှတ်ပေးရန် မနွယ်သန္တာဝင်း ဖခင်တောင်းဆို)
By Narinjara / 2023 October 25

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မနွယ်သန္တာဝင်းအား သတ်ဖြတ်မှုဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ သေဒဏ်ချမှတ်ခြင်းကိုခံထားရသူ ကိုမျိုးမြင့်ဇော်သည် သူ၏ပြစ်ဒဏ်အား လျှော့ပေါ့ပေးရန် ULA/AA ဥက္ကဋ္ဌထံ အသနားခံစာတင်ထားကြောင်း ULA/AA က ထုတ်ပြန်လိုက်သည်။
ULA/AA ၏ တရားစီရင်ရေးဌာနဖြစ်သည့် Justice For Arakan က ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်တွင် “မနွယ်သန္တာဝင်း သတ်ဖြတ်ခံရမှုတွင် သေဒဏ်ချမှတ်ခံရသူ တရားခံသည် တရားရုံးအဆင့်ဆင့်၌ အယူခံများ တင်သွင်းခဲ့သော်လည်း တရားရုံးအဆင့်ဆင့်က ၎င်း၏ အယူခံကို ပလပ်ကာ မူလရုံးအမိန့်ကို အတည်ပြုသဖြင့် သေဒဏ်ဆက်လက်တည်ရှိနေသည့်အတွက် ၎င်းအနေဖြင့် အာရက္ခပြည်သူ့အစိုးရ၏ အကြီးအကဲ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ဥက္ကဋ္ဌ ထံသို့ ပြစ်ဒဏ်ကို သက်ညှာလျှော့ပေါ့ပေးရန် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်တွင် အသနားခံစာတင်ထားကြောင်း သိရသည်”ဟု ဖော်ပြထားသည်။
လက်ရှိတွင် အဆိုပါအသနားခံစာအား တရားသူကြီးက ပယ်ချထားသည်ဟုကြားသိရကြောင်းလည်း AA နှင့်နီးစပ်သူတစ်ဦးက နိရဥ္စရာကို ပြောသည်။
“အသနားခံစာကို ပယ်ချထားတယ်ကြားတယ်”ဟု ပြောသည်။
မနွယ်သန္တာဝင်း၏ ဖခင် ဦးဆန်းဝင်းကမူ သမီးဖြစ်သူ မတရားအသတ်ခံရမှုနှင့်ပတ်သက်၍ မျှမျှတတဆောင်ရွက်ပေးစေချင်သည်ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။
“အသနားခံစာတင်ထားတယ်ကြားပါတယ်။ သူ့မိဘတွေက။ ကျနော်တို့အနေနဲ့ပြောချင်တာက ပြစ်မှုကျူးလွန်သူကို ထိုက်သင့်တဲ့ပြစ်ဒဏ်ပဲ ချမှတ်ပေးစေချင်ပါတယ်”ဟု ပြောသည်။
မနွယ်သန္တာဝင်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်၊ ညနေက သူအလုပ်လုပ်သည့် စစ်တွေမြို့၊ မေယုလမ်းရှိ Luminous လူသုံးကုန်ပစ္စည်းအရောင်းဆိုင်အတွင်း၌ ထိုးသွင်းဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါလူသတ်မှုဖြစ်စဉ်နန့်ပတ်သက်၍ မနွယ်သန္တာဝင်း၏ ဖခင်ဖြစ်သူ ဦးဆန်းဝင်းက ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၈ ရက်တွင် အာရက္ခပြည်သူ့အစိုးရ၏ ရဲတပ်ဖွဲ့ထံ ပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်တိုင်တန်းခဲ့ရာ ရဲတပ်ဖွဲ့ကလည်း မနွယ်သန္တာဝင်းအလုပ်လုပ်နေသော Luminous ဆိုင်မှ မန်နေဂျာ ကိုမျိုးမြင့်ဇော်အပါအဝင် သံသယရှိသူ ၃ ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖမ်းဆီးစစ်ဆီးခဲ့ကြောင်း Justice For Arakan ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရဲတပ်ဖွဲ့စစ်ချက်အရ တရားခံကိုမျိုးမြင့်ဇော်၏ ဝန်ခံထွက်ဆိုချက်၌ မနွယ်သန္တာဝင်းအား သတ်ဖြတ်ခဲ့သည့် ခိုင်လုံသောအကြောင်းခြင်းရာအထောက်အထားများကို တွေ့ရှိရသဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်တွင် ၎င်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁) (ဂ) နှင့် အာရက္ခပြည်သူ့အစိုးရ၊ တရားရေးဌာန၊ ဗဟိုတရားရုံးက တိုက်ရိုက်ကြီးကြပ်လမ်းညွှန်မှုဖြင့် ဒေသတရားရုံး၌ တရားစွဲတင်ခဲ့ကြောင်း သိရသည်။
အမှု၌ တရားလိုအပါအဝင် လိုပြသက်သေ ၁၃ ဦးနှင့် တရားခံအပါအဝင် ခံပြသက်သေ ၄ ဦးတို့အား နှစ်ဖက်ရှေ့နေများနှင့်တတူ အမှုစစ်ဆေးရာ တရားခံသည် မနွယ်သန္တာဝင်းအား မုဒိမ်းကျင့်ရန် အားထုတ်စဉ်အတွင်း လူသတ်မှုကျူးလွန်ခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ယင်းကြောင့် ကိုမျိုးမြင့်ဇော်အား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်တွင် ဒေသတရားရုံး၌ ၎င်းအားစွဲချက်တင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် ပြစ်မှုထင်ရှားသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁) (ဂ) အရ တရားခံအား “မသေမချင်း ကြိုးကွင်းစွပ်သတ်စေ” ဟု သေဒဏ်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁)(ဂ) အရ တရားခံတစ်ဦးဦးသည် ထောင်ဒဏ် ၇ နှစ်နှင့်အထက်ကျထိုက်သည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်စဥ် လူသတ်မှုကိုကျူးလွန်လျှင် ယင်းတရားခံကို သေဒဏ်ပေးရမည်ဟု ပြဋ္ဌာန်းထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (NN-11)
https://www.facebook.com/narinjara.info/posts/728912405942558