မင်းပြားမြို့မှာ သမီးဖြစ်သူကို ဖခင်ဖြစ်သူက အဓမ္မပြုကျင့်မှုဖြစ်ပွား

(သမီးဖြစ်သူမှာ ကိုယ်ဝန် ၈ လ ရှိနေပြီဟုဆို)

By Western News / 2023 October     2

ရခိုင်ပြည်၊ မင်းပြားမြို့ မြို့သစ်ရပ်ကွက်အုပ်စုအပိုင် အမှုထမ်းရပ်ကွက်တွင် သမီးဖြစ်သူကို ဖခင်ဖြစ်သူက အဓမ္မပြုကျင့်၍ သမီးဖြစ်သူမှာ ကိုယ်ဝန် ၈ လရှိပြီဟု ခိုင်မာသည့် သတင်းရင်းများထံမှ စုံစမ်းသိရသည်။

အမည်မဖော်လိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက “အမှုထမ်းရပ်ကွက်မှာ သမီးကို အဖက အဓမ္မပြုကျင့်တာ။ ပြီးခဲ့တဲ့အပတ်စပြီး သတင်းက ထွက်လာတာ။ သမီးဖြစ်သူမှာ ကိုယ်ဝန် ရှစ်လ ရှိနေပြီလို့ သိရတယ်။ အရေးယူမယ် ဘာညာတော့ မသိရဘူး”ဟု ပြောသည်။

မိသားစု၏ ခွင့်ပြုချက်မရ၍ နစ်နာသူအမျိုးသမီး၏ နာမည်၊ အသက်နှင့် မိသားစုဝင်များ၏ နာမည်များအား ဖော်ပြခြင်းမပြုနိုင်သေးပေ။

နစ်နာသူအမျိုးသမီးနှင့် တော်စပ်သည့် အစ်ကိုဖြစ်သူက အဓမ္မပြုကျင့်မှုကို အတည်ပြုနိုင်ပြီး သူမမှာ ယခု ကိုယ်ဝန် ၈ လကို လွယ်ထားရကြောင်းနှင့် အသေးစိတ်ကို ညီမဖြစ်သူကိုသာ မေးမြန်းရန် Western News ကို ပြောဆိုထားသည်။

မင်းပြားမြို့ အမှုထမ်းရပ်ကွက်ဒေသခံတစ်ဦးက “ဒီသတင်းက သတင်းဌာနတွေမှာ မတက်သေးလို့ ဖော်ပြပေးစေချင်တယ်။ စုံစမ်းစစ်ဆေးမှုနဲ့ အပြစ်ပေးအရေးယူတာတွေ လုပ်စေချင်တယ်။ နစ်နာသူအမျိုးသမီးကလည်း အဓမ္မပြုကျင့်မှုကို ဖော်ထုတ်တာတွေ လုပ်ချင်တယ်လို့ သူ့မိသားစုဆီကနေ သတင်းထွက်လာတယ်” ဟု ပြောသည်။

မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမှုထမ်းရပ်ကွက်က တာဝန်ရှိသူများအား Western News မှ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

အဓမ္မပြုကျင့်မှု ဖြစ်စဉ်ကို သိရရှိနိုင်ရန် နစ်နာသူအမျိုးသမီးနှင့် မိခင်ဖြစ်သူအား Western News မှ ဆက်သွယ်ခဲ့သော်လည်း နစ်နာသူအမျိုးသမီးနှင့် မိခင်မှာ ဖုန်းမရှိ၍ အဆက်အသွယ်မရရှိခဲ့ပေ။

လက်ရှိတွင် အဆိုပါအဓမ္မပြုကျင့်မှုမှာ သက်ဆိုင်ရာတာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးခြင်း၊ ပြစ်မှုကျူးလွန်သူ ဖခင်ဖြစ်သူအား အရေးယူအပြစ်ပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်အတွင်း အဓမ္မပြုကျင့်မှု၊ လူသတ်မှုနှင့် ရာဇဝတ်မှုများ တစ်ရက်တစ်ရက် တိုးပွားလာနေပြီး ပြစ်မှုကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူပေးရန် ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုနေကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောကျေးရွာမှ အလယ်တန်းပြကျောင်းဆရာမတစ်ဦးမှာ အဓမ္မပြုကျင့်ခံရမှုနှင့်အတူ ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ထိုကျောင်းဆရာမအမှုကို ရက္ခိုင့်တပ်တော်က စုံစမ်းစစ်ဆေးနေပြီး လက်ရှိတွင် သံယရှိသူ ၉ ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်တွင်လည်း စက်တင်ဘာလ ၂၉ ရက်နေ့က အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုန့်ဖိုးငွေပေးပြီးခေါ်ယူကာ တစ်ရပ်ကွက်တည်းနေ အသက် ၃၈ နှစ်အရွယ် ဦးဇော်ဝင်းမောင်က အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်။

ဦးဇော်ဝင်းမောင်အား ရက္ခိုင့်တပ်တော် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်းနှင့် အဓမ္မပြုကျင့်ခဲ့သည့် ဦးဇော်ဝင်းမောင်ကို ဒေသဏ်ပေးရန် မိန်းကလေးငယ်၏ မိဘများက တောင်းဆိုထားကြသည်။

အမျိုးသမီးအရေးတက်ကြွ လှုပ်ရှားနေသူတစ်ဦးက ” ရခိုင်မှာ အမျိုးသမီးတွေ ခဏခဏ သတ်ဖြတ်ခံရတာ။ အဓမ္မပြုကျင့်ခံရတာတွေ ရှိတယ်။ ဒါကို အရေးယူဖို့ သက်ဆိုင်တာဝန်ရှိသူတွေ လျစ်လျူရှုနေကြတယ်။ ထိထိရောက်ရောက်အရေးယူမှု အားနည်းတယ်။ ကျူးလွန်သူတွေကလည်း အရင်ကထက် ရဲတင်းလာကြတယ်။ ဒီအတိုင်းဆိုရင် ပိုပြီးတော့ ဆိုးရွားလာဖို့ များနေတယ်” ဟု ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လကလည်း စစ်တွေမြို့မှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရထားသံလမ်းပေါ်တွင် အဝတ်ဗလာဖြင့် ရိုက်နှက်စွန့်ပစ်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားမှုရှိခဲ့ပြီး အဆိုပါ မိန်းကလေးငယ်မှာ ဆေးရုံတွင်ပင် သေဆုံးမှုရှိခဲ့သည်။

ယင်းအပြင် ၂၀၂၂ ခုနှစ်အတွင်း စစ်တွေ မေယုလမ်းတွင်လည်း အသက် ၁၈ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ရှိခဲ့ဖူးသည်။

https://www.facebook.com/westernnewsagency/posts/755719569900805

Leave a Reply

Your email address will not be published.