မင်းပြားမြို့တွင် သမီးကိုအဓမ္မပြုကျင့်ခဲ့သည့် ဖခင်ဖြစ်သူအား ရက္ခိုင့်တပ်တော်က ရှာဖွေနေ

By Western News / 2023 October     4

ရခိုင်ပြည် မင်းပြားမြို့တွင် သမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့သည့် ခင်ဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်နေ၍ ရက္ခိုင့်တပ်တော်၏ နယ်မြေခံ ရဲတပ်ဖွဲ့က စုံစမ်းရွာဖွေနေကြောင်း ဦးစိုးတင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

“တပ်တော်ရဲ့ နားဒင်ရဲတပ်ဖွဲ့က ဖခင်ဖြစ်သူကို ရှာဖွေနေပါတယ်။ သမီးအရင်းကို ဖခင်အရင်းက အဓမ္မပြုကျင့်သွားတာ ဟုတ်ပါတယ်။ သမီးမှာ အခု ကိုယ်ဝန်လွယ်ထားရပြီ။ သူတို့မိသားစုက ဆင်းရဲကြတယ်”ဟု ပြောသည်။

သမီးဖြစ်သူမှာ ကိုယ်ဝန် ၈ လကို လွယ်ထားရပြီး အသက် ၁၄ နှစ်ခန့်ရှိကြောင်းနှင့် မိခင်ဖြစ်သူက အသက် ၃၁ နှစ်၊ ဖခင်ဖြစ်သူ အသက် ၃၇ နှစ်အရွယ်ရှိကြောင်း ဦးစိုးတင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုသည်။

“သူတို့မိသားစုက အရင်က အမှုထမ်းရပ်ကွက်မှာ နေကြတာ။ မိုခါမုန်တိုင်းပြီးတော့ ကျနော်တို့ ဦးစိုးတင့်ရပ်ကွက်သို့ ပြောင်းလာကြတယ်။ သူများအိမ်မှာ ငှားနေကြတာ။ အိမ်ကလည်း ၁၅ ပတ်လည်လောက်ပဲရှိတယ်။ မိသားစုဝင် ၁၃ ယောက်တောင်ရှိတာ။ ဖခင်ဖြစ်သူရဲ့ နာမည်ကို ကျနော် မေ့သွားပြီ နောက်မှ ပြန်ပြောပါမယ်” ဟု ပြောသည်။

အဆိုပါ အဓမ္မပြုကျင့်မှာ ပြီးခဲ့ နှစ်ပတ်ခန့်က သတင်းထွက်ပေါ်လာခြင်းဖြစ်ပြီး မင်းပြားမြို့နယ် နားဒင်ကျေးရွာမှာရှိသည့် ရက္ခိုင့်တပ်တော် ရဲတပ်ဖွဲ့က သိသိချင်း ဖခင်ဖြစ်သူအား ခေါ်ယူစစ်ဆေးမြန်းခဲ့သော်လည်း ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဒေသခံ သတင်းရင်းမြစ်တစ်ဦးက “တပ်တော်က သိသိချင်း စစ်ဆေးဖို့ ဖခင်ဖြစ်သူကို ခေါ်ယူသွားတယ်။ ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်။ အခု သတင်းတွေ ပြန်ပျံ့နှံ့လာတော့ တပ်တော်က ပြန်ရှာဖွေနေတယ်။ ဖခင်ဖြစ်သူဟာ အခု ထွက်ပြေးနေတယ်။ ဖမ်းလို့ မရသေးဘူး” ဟု ဆိုသည်။

မိန်းကလေးငယ်၏ မိဘမှာ အသက် ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ကျခြင်းဖြစ်ပြီး အဓမ္မပြုကျင့်ခံရမှု ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်၍ ဖြစ်စဉ်အစုံကို မသိရသေးကြောင်း ဦးစိုးတင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

ရခိုင်တွင် အမျိုးသမီးငယ်များ အဓမ္မပြုကျင့်ခံရမှု ခပ်စိပ်စိပ်တွေ့လာနေရပြီး ထိုဖြစ်စဉ်များ၏ နောက်ကွယ်တွင် တရားဥပဒေစိုးမိုးမှုလျော့နည်းခြင်းနှင့် ပြည်သူလူထုအသိပညာနည်းပါးမှုတို့ကြောင့် ဖြစ်သည်ဟု အမျိုးသမီးအရေးလှုပ်ရှားသူများနှင့် လှုမှုရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုကြသည်။

ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့မှ ဒေါ်စောစံငြိမ်းသူက “ဒီဖြစ်စဉ်တွေ တိုးလာတာက နိုင်ငံဒေသအတွင်းမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့ လက္ခဏာကိုပြနေတာလည်းဖြစ်တယ်။ နောက်တစ်ခုက ကျူးလွန်မှုတစ်ခုခုဖြစ်တိုင်း ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်နိုင် မှုမရှိတဲ့ အနေအထားတွေ့ရတယ်။ ဒါဟာ ကျူးလွန်ပြီးတဲ့လူကို နောက်တစ်ခါထပ်ကျူးလွန်နိုင်ဖို့နဲ့ တစ်ခြား သူတွေအနေနဲ့လည်း ကျုးလွန်လို့ရတဲ့ အခွင့်ရေးရှိတယ်ဆိုတာမျိုး ဖြစ်သွားစေတယ်။ ဒါဟာ အရေးကြီးတဲ့အတွက် ကျူးလွန်သူတွေကို ထိုက်သင့်တဲ့အလျောက် ထိထိရောက်ရောက် အရေးယူပေးနိုင်ဖို့လိုတယ်” ဟု ပြောသည်။

လိင်နှင့်ပတ်သက်သည့် စိတ်အာရုံမှာ လူတိုင်းတွင်ရှိကြသည့်အတွက် အဆိုပါ အရာအား အကြမ်းဖက်သည့်ဘက်သို့ မရောက်အောင် ထိန်းချုပ်နိုင်ရန် ဥပဒေစည်းမျဉ်းစည်းကမ်းအပြင် လုံလောက်သည့် အသိပညာများလည်းရှိရန်လိုအပ်သည်ဟု အမျိုးသမီးအရေးကူညီသည့် တက်ကြွလှုပ်ရှားသူ ကိုညီခိုင်သွီးက ပြောသည်။

” အရွယ်ရောက်တာနဲ့ လူတိုင်းက လိင်နဲ့ပတ်သက်တဲ့ စိတ်အာရုံတွေရှိတတ်ကြတာပဲ။ အဲ့ဒီစိတ်က မုဒိမ်းမှုဖက်ကို မရောက်ဖို့အတွက် လူတစ်ယောကဟာ အသိအမြင် ဘယ်လောက်ထိကျယ်လဲ ဆိုတဲ့အပေါ် မူတည်သွားတယ်။ အသိပညာအားနည်းတဲ့ လူတစ်ယောက်က ကိုယ့်ကိုယ်မထိန်းချုပ်နိုင်တဲ့ အခြေနေမျိုးမှာ ဒီကိစ္စတွေဟာ ဖြစ်သွားနိုင်တယ်။ ပြီးတော့ မုဒိမ်းမှုဆိုတာနဲ့ လူတွေက သေဒဏ်ပေးလိုက်ဖို့ တောင်းဆိုကြတာ တွေ့ရတယ်။ ဒါဟာ တကယ်ရောအလုပ်ဖြစ်မှာလား သူတို့သေသွားရင် မုဒိမ်းမှုဆိုတာ မရှိတော့ဘူးလားပေါ့။ ကျနော်တို့ ဒီလိုပုံတွေးနေတာထက် ဒီလိုမျိုးမဖြစ်အောင် ထိန်းချုပ်ဖို့ အသိပညာတွေပေးမယ်ဆို ပိုအလုပ်ဖြစ်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

မုဒိမ်းမှုဖြစ်စဉ်များတွင် အသက်အရွယ်အပိုင်းအခြားအနေဖြင့်လည်း ကျူးလွန်ခံရသူများမှာ အသက် ၅ နှစ်မှ ၃၅ နှစ်အတွင်းရှိတတ်ပြီး ကျူးလွန်သူများမှာ အသက် ၂၀ မှ ၅၀ ကြား အဖြစ်များသည်ကို တွေ့နေရသည်။

ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့က အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးကို စင်ပြိုင်လုပ်ဆောင်လျှက်ရှိနေပြီး အဓမ္မပြုကျင့်မှုဖြစ်စဉ်များတွင် ကျူးလွန်သူနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက ကိုင်တွယ်ဖြေရှင်းမှုရှိသော်လည်း ထိရောက်မှုများ မတွေ့ရသေးပေ။

Western News-WN

https://www.facebook.com/westernnewsagency/posts/756867729785989

Leave a Reply

Your email address will not be published.