By Narinjara / 2023 October 31

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၂၉ ရက်တွင် ဖမ်းဆီးခံလိုက်ရသည့် Development Media Group(DMG) သတင်းဌာနမှ သတင်းထောက်ဖြစ်သူကို ယနေ့ နေ့လယ်တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ရမန်ယူခဲ့သည်ဟု မိသားစုဝင်များကပြောသည်။
ယင်းသို့ရုံးထုတ်ရမန်ယူခဲ့ပြီးနောက် DMG သတင်းထောက်ကိုထက်အောင်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၅ ဖြင့် အမှုဖွင့်ကာ စစ်တွေ အမှတ် (၁)ရဲခစန်းသို့ ပြန်ပို့ဆောင်ခဲ့ကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးကပြောသည်။
“ဒီနေ့ရမန်ယူတယ်လို့ တရားရုံးကပြောတယ်။ အခုမြို့မရဲစခန်းမှာရောက်နေပြီ။ အစ်မတို့နဲ့တော့ မတွေ့ရသေးဘူး။ ဘာအကြောင်းနဲ့အမှုဖွင့်တယ်လို့လည်း မသိခဲ့ရသေးဘူး” ဟုပြောသည်။
အဆိုပါ DMG သတင်းဌာနမှ ဖမ်းဆီးခံလိုက်ရသူများမှာ သတင်းထောက်ကိုထက်အောင်နှင့် ညစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင်တို့ဖြစ်ကြသည်။
ယင်းနှစ်ဦးအနက် သတင်းထောက်ဖြစ်သူကိုထက်အောင်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ ဖြင့်အမှုဖွင့်ခံလိုက်ရခြင်းဖြစ်ပြီး ညစောင့်ဖြစ်သူ၏ လက်ရှိအခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်သည်။
၎င်းတို့နှစ်ဦး ဖမ်းဆီးခံရသည့် အောက်တိုဘာလ ၂၉ ရက်တွင် စစ်တွေမြို့ အမှတ်(၁)ရဲစခန်းတွင် ထိန်းသိမ်းထားခဲ့သော်လည်း နောက်တစ်နေ့ အောက်တိုဘာလ ၃၀ ရက် မနက်တွင်မူ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံး သို့ခေါ်ဆောင်စစ်ဆေးခဲ့သည်။
ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်များအနေဖြင့်လည်း ယနေ့အချိန်အထိ ၎င်းတို့နှင့် ဆက်အသွယ် မရရှိသေးသဖြင့် စိုးရိမ်ပူပန်နေရကြောင်း သတင်းထောက်ကိုထက်အောင်၏ မိသားစုဝင်တစ်ဦးကပြောသည်။
“မိသားစုဝင်တွေကတော့ စိုးရိမ်နေကြတာ ပြောမတတ်အောင်ပဲ။ အမေဆိုရင် နေမကောင်းတောင် ဖြစ်နေတယ် စိုးရိမ်လွန်းလို့။ ဘာလို့ဆိုသူနဲ့အဆက်အသွယ်မရဘူးလေ။ သူက ကျောင်းတက်နေတုန်း တန်းလန်း စာမေးပွလဲကလည်း ဖြေရတော့မယ်။ သူကအလုပ်လုပ်ယင်းနဲ့ကျောင်းတက်နေတဲ့သူပါ။ အိမ်ကလည်းအများကြီး ထောက်ပံ့နိုင်တာမဟုတ်ဘူး” ဟုပြောသည်။
DMGသတင်းထောက် ကိုထက်အောက်သည် ပြီးခဲ့သည့်အောက်တိုဘာလ ၂၉ ရက် (သီတင်းကျွတ်လပြည့်နေ) နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဝင်္ကပါကွင်း၌ ပြုလုပ်သည့် ဆွမ်းတော်ကြီးလောင်းပွဲသို့ သတင်းဓာတ်ပုံသွားရောက်ရိုက်ကူးရာတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
ယင်းနောက်တွင် စစ်တွေမြို့ရှိ DMGရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အထူးရဲတပ်ဖွဲ့(SB)အပါအဝင် အင်အားနှစ်ဆယ်ကျော်ခန့်ကာ ဝင်ရောက်စီးနင်းခဲ့ကာ ရုံးရှိ ကင်မရာ၊ ကွန်ပျူတာနှင့် ရုံးဆက်စပ်ပစ္စည်းများကိုပါ သိမ်းယူခဲ့ပြီး ညစောင့်ဝန်ထမ်းကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
အဆိုပါ DMGရုံးကိုလည်း ချိတ်ပိတ်သွားခဲ့သည်ဟု ရုံးတာဝန်ရှိသူများကပြောသည်။
အဆိုပါသတင်းထောက်အား အမှုဖွင့်ဆိုထားသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ သည် “မည်သူမဆို ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟု မြန်မာဥပဒေသတင်းအချက်အလက်စနစ် ပြဌာန်းချက်ရှာဖွေရေးတွင် ရေးထားသည်။
စစ်ကောင်စီသည် သတင်းသမားများကို ရန်သူသဖွယ်ဆက်ဆံနေပြီး သတင်းသမားများကို ခြိမ်းခြောက်သည့်အပြုအမူများသည် စစ်ကောင်စီ၏ ဆိုးရွားသောလုပ်ရပ်ဖြစ်သည်ဟု Western News သတင်းဌာနအယ်ဒီတာချုပ် ဝဏ္ဏခွာညိုက ပြောသည်။
“စစ်ကောင်စီက သတင်းသမားဆိုရင် သူတို့ရဲ့ရန်သူလိုမျိုးသတ်မှတ်ထားတယ်။ အဲဒါက သူတို့လုပ်ရပ်တွေကို ဒီသတင်းမီဒီယာတွေက ဖော်ပြတဲ့အတွက် သူတို့က အရမ်းကြောက်ပြီး၊ စိုးရိမ်ကြတယ်။ သတင်းသမားတွေကို ရန်သူသဖွယ်ပြုမူ ဆက်ဆံတယ်” ဟု သူက ပြောသည်။
အဆိုပါDevelopment Media Group(DMG) သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၂) နှင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အတွင်းက ရခိုင်ပြည်နယ် စစ်ကောင်စီ၏ သတင်းရဲတပ်ဖွဲ့က အမှုဖွင့်ထားသည်။
ယင်းအပြင် DMG သတင်းဌာနက တာဝန်ခံအယ်ဒီတာတစ်ဦးနှင့် သတင်းထောက် တစ်ဦးကိုလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရသည်။
(NN-8)
https://www.facebook.com/narinjara.info/posts/732608978906234